(လေတပ်အရာရှိအပါအဝင် ၁ဝ ဦးပွဲချင်းပြီးသေ၊ ၁၂ ဦးဒဏ်ရာရ၊ ဂျက်ဖိုက်တာ နှစ်စီးနှင့် Y-8 တစ်စီးလည်း ထိခိုက်ပျက်စီးသွား)
မောင်စာဂ၊ နိရဉ္စရာ၊ မေ ၁၉/၂ဝ၂၅
စစ်ကောင်စီ၏ တောင်ငူ(ကေတုမတီ)လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လေတပ်အရာရှိအပါအဝင် ၁ဝ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရသွားကြောင်း Brave Warriors for Myanmar (BWM)က သတင်းထုတ်ပြန်သည်။
BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ပူးပေါင်းပြီး ယမန်နေ့ မေလ ၁၈ ရက်၊ ညဉ့် ၁ နာရီ ၄၈ မိနစ်တွင် အဆိုပါလေတပ်စန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံး ဖြင့်ပစ်ခတ်ရာ ၈ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု BWM က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
တောင်ငူလေတပ်သည် စစ်ကောင်စီက အရပ်ဘက်ပြည်သူများကို ပစ်မှတ်ထားဗုံးကြဲသတ်ဖြတ်မှုစစ်ရာဇဝတ်မှုများကျူးလွန်ရာတွင် အရေးပါသော လေတပ်ဒေါက်တိုင်တစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တောင်ငူလေတပ်စခန်းသည် စစ်ရှုံးကောင်စီ၏ အဆိုပါ စစ်ရာဇဝတ်မှုများ ကျုးလွန်ရာတွင် အရေးပါသော လေတပ် ဒေါက်တိုင်တစ်ခုအဖြစ် ထမ်းဆောင်ပေးနေသည့်အပြင် ယခုရက်ပိုင်း တောင်ပိုင်းတော်လှန်ရေးအင်အားစုများ၏ တော်လှန်ရေး လှုပ်ရှားမှုများကိုလည်း လေကြောင်းမှ တရစပ်ဗုံးကြဲတိုက်ခိုက်ရာတွင် အဓိက ပါဝင်နေသော လေတပ်စခန်း တစ်ခုဖြစ်နေသည့်အတွက် ကျွန်ုပ်တို့ BWM နှင့် မဟာမိတ်အဖွဲ့များက တောင်ငူ(ကေတုမတီ) လေတပ်ကို နှိမ်နင်းတိုက်ခိုက်ခြင်းဖြင့် BWM Mission 37 ကို ဖော်ဆောင်ရခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုနောက်ဆက်တွဲသတင်းထုတ်ပြန်ချက်ကိုလည်း ယနေ့ မေလ ၁၉ ရက်၊ နံနက်တွင် ဆက်လက်ထုတ်ပြန်ခဲ့သည်။
အဆိုပါနောက်ဆက်တွဲထုတ်ပြန်ချက်တွင် တောင်ငူလေတပ်စခန်းတိုက်ခိုက်ခံရမှုအတွင်း လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ နှစ်ဦး၊ လေတပ်အရာရှိ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦးနှင့် လေအုပ်အပါအဝင် အခြားအဆင့်စစ်သည် ခြောက်ဦး၊ စုစုပေါင်း ၁ဝ ဦးပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဖော်ပြထားသည်။
အလားတူ လေတပ်စစ်သည် ၁၂ ဦးလည်း ဒဏ်ရာရရှိထားပြီး စစ်ဆေးရုံသို့ပို့ဆောင်ထားကြောင်းလည်း ဖော်ပြထားသည်။
ယင်းအပြင် လေတပ်အတွင်းရှိ ဂျက်ဖိုက်တာ နှစ်စီးနှင့် Y-8 တစ်စီးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဖော်ပြထားသည်။
လေတပ်အတွင်းရှိ လေယာဉ်အပိုပစ္စည်းဂိုဒေါင် နှစ်လုံးပျက်စီးသွားခဲ့သလို ဒရုန်းဂိုဒေါင်လည်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
လေတပ်အတွင်း ပစ္စည်းသယ်ပို့လုပ်ပေးနေသော ယာဉ်အချို့နှင့် လေတပ်စစ်သည်များ နားနေဆောင်တစ်လုံးတို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ လေတပ်များကို ပြိုလဲအောင် လေတပ်များ၊ တိုက်လေယာဉ်များ၊ လေယာဉ်မှူးများ၊ လေယာဉ်ဆီ၊ ဗုံးသီးတန်ဆာတို့ထုတ်လုပ်သည့် စက်ရုံအပါအဝင် လေတပ်ကိုအားဖြည့်သည့် ဒေါက်တိုင်မျိုးစုံတို့ကိုနှိမ်နင်းရန် လက်လှမ်းမှီသည့်တော်လှန်ရေးအင်အားစုများ၊ ပြည်သူများက နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း BWM က မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ - BWM
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။