Preview

စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း(ဘုရင့်နောင်)အား ၁ဝ၇ မမ ရှော့တိုက်ဒုံးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မောင်စာဂ | မေ ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :645
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂ဝ/၂ဝ၂၅

စစ်ကောင်စီတပ်၏ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်း(ဘုရင့်နောင်)အား ၁ဝ၇ မမ ရှော့တိုက်ဒုံးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Brave Warriors for Myanmar (BWM)က သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့် ယမန်နေ့ မေလ ၁၉ ရက်၊ နံနက် ၇ နာရီ မိနစ် ၂ဝ တွင် ပစ်ခတ်ရာ လေးလုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု BWM ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civillian Defense Forces (MKCDF)နှင့် Anti-Coup People’s Liberation Force (ACPLF)အဖွဲ့တို့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့်ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

blob

အဆိုပါကျောင်းသည် အောက်မြန်မာပြည်ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေကြသော အရာရှိများအတွက် တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူးသင်တန်းများပေး၍ တိုက်ခိုက်ရေးပညာကို အဓိက သင်ကြားပေးနေသည့် တိုက်ခိုက်ရေးသင်တန်းကျောင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ရှုံးစစ်ကောင်စီ၏ သြဇာခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့်နှိပ်စက်ရန် စစ်ကောင်စီယန္တရားအား အမိန့်ပေးကွပ်ကဲနေသော စစ်ကောင်စီအရာရှိများကို ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ရန်ရည်ရွယ်၍ BWM နှင့် မဟာမိတ်များက ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

“ပြည်သူများကို နေ့နေ့ညည နည်းမျိုးစုံဖြင့် ညှင်းဆဲသတ်ဖြတ်နေသော စစ်ကောင်စီနောက်လိုက်များသည်လည်း နေ့နေ့ညည လုံခြုံမှုကင်းမဲ့သောစိတ်ကို ကျွနု်ပ်တို့အဖွဲ့များက တစိုက်မတ်မတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူအား အသိပေးအပ်ပါသည်”ဟုလည်း ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေပြီး သိရသမျှကို ဆက်လက်ထုတ်ပြန်မည်ဟု ဆိုထားသည်။

BWM နှင့်ပူးပေါင်းတပ်ဖွဲ့များသည် မေလ ၁၈ ရက်၊ ညဉ့် ၁ နာရီ ၄၈ မိနစ်ကလည်း စစ်ကောင်စီ၏ တောင်ငူ(ကေတုမတီ)လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လေတပ်အရာရှိအပါအဝင် ၁ဝ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရသွားခဲ့သည်ဟု BWM က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း လေတပ်အတွင်းရှိ ဂျက်ဖိုက်တာ နှစ်စီးနှင့် Y-8 တစ်စီးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဆိုထားသည်။

ဓာတ်ပုံ - BWM

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.