Preview

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းအား KNU သိမ်းပိုက်

လူထက်နိုင် | မေ ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :1442
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ မေ ၂၄ /၂၀၂၅

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘလယ်ဒိုကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဘလယ်ဒိုစခန်းကို ကရင်တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F)တို့က မေလ ၂၃ ရက်၊ ညနေ ၅ နာရီတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ သေဆုံးသူများလည်းရှိသလို လက်နက်ချသူများလည်းရှိခဲ့သည်ဟု သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဘက်မှ တပ်ဖွဲ့ဝင်အများအပြား ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးသွားကြောင်းလည်း သိရသည်။

အဆိုပါဘလယ်ဒိုစစ်စခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အဆိုပါစခန်းအတွင်းသို့ စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲနေခဲ့သည့်အတွက် ယခု ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်ကလည်း ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း ဝင်ရောက်ကျူးကော်တပ်စွဲထားသည့် စစ်ကောင်စီတပ် ခလရ−၂၄ တပ်ဖွဲ့ဝင်များ အခြေစိုက် တပ်စွဲထားသော မော်ကွီးလု တပ်စခန်းကိုလည်း K.N.L.A နှင့် K.N.D.O တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အလားတူ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်၊ ကာတဲကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁ တို့ အခြေစိုက်သည့် တညာကျိုး(ခ) တာလယ် ဗျုဟာစခန်းကိုလည်း မေလ ၁၃ ရက်တွင် K.N.L.A နှင့် K.N.D.O က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - KNU

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.