Preview

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

မောင်စာဂ | မေ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :2445
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၆/၂ဝ၂၅

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ၁ဝ၇ မမ ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၂၅ ရက်၊ ညနေ ၇ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာ-ရေဦး အဝေးပြေးလမ်းမကြီးအနီးရှိ မုံရွာအခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံး ခုနစ်လုံးပစ်ခတ်ရာ ခြောက်လုံးကို အောင်မြင်စွာ ပစ်နိုင်ခဲ့သည်ဟု BWM ၏ ယနေ့ မေလ ၂၆ ရက်၊ နေ့လယ်အချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပစ်ခတ်လိုက်သောရှော့တိုက်ဒုံးများထိရောက်ပေါက်ကွဲမှုကြောင့် နမခအတွင်းမှ ချက်ချင်း တန်ပြန်ပစ်ခတ်မှုများရှိသလို နမခအတွင်းထိခိုက်မှုများရှိနိုင်ကြောင်းလည်းကနဦး စုံစမ်းသိရှိရပြီး ဆက်လက်သိရှိရသည်များကိုတင်ပြပေးသွားပါမည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို BWM ၏ ဦးဆောင်စီမံမှုဖြင့် No More Dictatorship (NMD) နှင့် Shadow (Monywa) အဖွဲ့တို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သလို နယ်မြေခံများဖြစ်သော Yan Gyi Aung အဖွဲ့၊ Budalin Mobile Team အဖွဲ့၊ နယ်မြေခံပကဖ၊ ရွှေတြိဂံ မဟာမိတ် တပ်ရင်း၊ Justice Brother Force အဖွဲ့တို့ကလည်း တတ်နိုင်သည့်အခန်းကဏ္ဍများမှ ဝိုင်းဝန်းကူညီပေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

အဆိုပါနမခသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ရှုံး ကောင်စီ၏တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသောစစ်ဌာနချုပ်ဖြစ်၍ ယင်းဒေသများရှိ တော်လှန်ရေးအင်အားစုများအတွက်ကို အဓိက တိုက်ခိုက်နေသောစစ်ဌာနချုပ်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် အညာဒေသပြည်သူများကို အဓိက ဒုက္ခပးနေသော စက်တပ်လေထီးများကို အဓိက သိုလှောင်ထားရှိနေသော စစ်ကောင်စီဌာနချုပ်ဖြစ်သလို အိုးထိန်းကွင်းရွာ ဗုံးကြဲမှုကိစ္စအပါအဝင် အညာဒေသကို လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားပြည်သူများကိုသတ်ဖြတ်မှုများအား အဓိက ကြိုးကိုင်ခြယ်လှယ်ကွပ်ကဲနေသော စစ်ဌာနချုပ်တစ်ခုလည်းဖြစ်နေသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါနမခအပါအဝင် အမှတ် ၅ဝ၈ အမြောက်တပ်ရင်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်၊ နေ့လယ်ပိုင်းတွင်လည်း ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် တော်လှန်ရေးတပ်များက ရော့ကတ်ဒုံးအလုံး ၁ဝဝ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု SAF က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် ရန်သူ ၇ ဦးကျဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အမတ ၅၀၈ အတွင်းသို့ ပစ်ခတ်မှုအတွင်းတွင် အဆောက်အဦ တစ်လုံး ထိခိုက်၊ မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.