Preview

ဗန်းမော် စကခ(၂၁)အနီးရှိ စစ်ကောင်စီ၏ ကာကင်းစခန်းအချို့ကို KIA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်

သဉ္ဇာနွယ် | မေ ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :1302
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၇/၂၀၂၅

ကချင်ပြည်၊ ဗန်းမော်မြို့ရှိ စကခ(၂၁)အနီးရှိ စစ်ကောင်စီ၏ ကာကင်းစခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်နိုင်ပြီဟု သတင်းရရှိသည်။

ဗန်းမော်မြို့ရှိ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ(၂၁)နှင့် အနီးရှိ ဝင်းလိုက်ဟိုတယ်ကာကင်းစခန်းနှင့် မြို့တွင်းရှိ စစ်ကောင်စီ၏လက်ကျန်ကာကင်းစခန်းအချို့ကို ယနေ့ မေလ ၂၇ ရက်၊ အရုဏ်တက်အချိန်မှစ၍ KIA နှင့် ပူးပေါင်းတပ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများဖြင့် ဆုတ်ခွာထွက်ပြေးကြခဲ့ပြီးနောက် အဆိုပါကာကင်းစခန်းများကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"လေယာဉ်ပစ်ချပြီးနောက် ထိုးစစ်ရပ်ထားတာ။ အခုဆိုရင် တစ်ပတ်လောက်ရှိပြီ။ ဒီနေ့စလို့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို တပြိုင်တည်း ဝိုင်းတိုက်တာ။ ဝင်းလိုက်ဟိုတယ်မှာတပ်စွဲထားတဲ့ ကာကင်းစခန်း တွေကအစတိုက်တာ။ သူတို့ ဆုတ်ခွာပြီးတဲ့နောက် သိမ်းလိုက်နိုင်တာ" ဟု ပြောသည်။

စကခ(၂၁)ဌာနချုပ်အနီးရှိ ဝင်းလိုက်ဟိုတယ်ကာကင်းစခန်းမှ စစ်ကောင်စီတပ်သားများသည် စကခ(၂၁)ဖက်သို့ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြသည်ဟုလည်း KIA နှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဝင်းလိုက်ဟိုတယ်အပေါ်ထပ်တွေကအစ စကစ နေရာယူပြီး တိုက်နေတာ။ ရှေ့မှာဆို ကာကင်းစခန်းတွေရှိတယ်။ အဲဒီဟိုတယ်က စစ်ကောင်စီတပ်သားတွေက KIA နဲ့ပူးပေါင်းတပ်က တိုက်ခိုက်လို့ အကျအဆုံးနဲ့ စကခ(၂၁)ဖက်ကို နောက်ဆုတ်သွားကြတယ်" ဟုပြောသည်။

လက်ရှိဗန်းမော်မြို့ရှိတိုက်ပွဲဖြစ်နေသည့်နေရာများကို စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် KIA နှင့် ပူးပေါင်းတပ်များသည် စကခ ၂၁ ၏ အနီးဆုံးနေရာအထိ ရောက်ရှိပြီး ထိုးစစ်ဆင်လျက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီကလည်း ဗန်းမော်မြို့ရှိ အထပ်မြင့် တိုက်တာ၊ အဆောက်အဦများတွင် နေရာယူပြီး တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း ဗန်းမော်မြို့ရှိ စခက(၂၁)သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ ရဟာတ်ယာဉ်သုံးစီးအနက် နှစ်စီးကို KIA က ပစ်ချနိုင်ခဲ့ပြီး ယင်းအနက် တစ်စီးမှာ တောထဲသို့ ပျက်ကျမီးလောင်သွားခဲ့သည်ဟု သိရသည်။

အဲဒီရဟတ်ယာဉ်ပျက်ကျမီးလောင်မှုအတွင်း လေယာဉ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၄)ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး ယခု မေလဆိုလျှင် (၆)လခန့်အထိကြာမြင့်ခဲ့ပြီဖြစ်သည်။

မြို့သိမ်းတိုက်ပွဲကာလအတွင်း စကခ(၂၁)ဌာနချုပ်ကိုကာရံထားသည့် အမြောက်တပ်၊ ခလရ(၂၃၆)တပ်ရင်း၊ တင့်ကားတပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ ဗန်းမော်လေယာဉ်ကွင်း၊ ဗန်းမော်မြို့အပြင်ရှိ ဂိတ်စခန်းနှင့် စစ်ကောင်စီကာကင်းစခန်များကို သိမ်းပိုက်ထားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ - Banmaw Scout Team (ပုံဟောင်း)

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.