Preview

KNDF ဖွဲ့စည်းထူထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားသို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပေးပို့

လူထက်နိုင် | မေ ၃၁/ ၂၀၂၅ | ကြည့်ရှုသူ :524
ပြည်တွင်း သတင်း

(ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် KNDF က မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုတိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေဟုဆို)

လူထက်နိုင်၊ နိရဉ္စရာ၊ မေ ၃၁ /၂၀၂၅

ယနေ့ မေလ ၃၁ ရက်တွင်ကျရောက်သော ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း (၄) နှစ်ပြည့်နေ့အခမ်းအနားသို့ အာရက္ခတပ်တော်(AA)ပါဝင်သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်သည်။

၂၀၂၁ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ဖွဲ့စည်းထူထောင်ခဲ့သော KNDF သည် ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်လှမ်းလာခဲ့ရာ ယနေ့ မေလ (၃၁) ရက်နေ့ဆိုလျှင် လေးနှစ်သားအရွယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် KNDF က မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုတိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်အဖွဲ့အစည်းများက သဝဏ်လွှာထဲတွင် ထည့်သွင်းဆုတောင်းပေးထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူလိုက်သည့်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းမှ ဗမာတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်ရန်အပြင် မိမိလူမျိုး၊ မိမိဒေသ နှင့် နယ်မြေများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ဒေသကာကွယ်ရေးတပ်များကို အသီးသီးဖွဲ့စည်းကာ မတရားသဖြင့် အာဏာသိမ်းထားသော စစ်ကောင်စီအား ရရာလက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် ခုခံကာကွယ် တော်လှန်စစ်ကို ဆင်နွှဲလာခဲ့ကြသည်မှာ ယခုဆိုလျှင် လေးနှစ်ကျော်ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

blob

တော်လှန်ရေး လေးနှစ်ကျော်ကာလအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့တို့မှာ တော်လှန်ရေးအတွင်း မရပ်တည်နိုင်ကြတော့ဘဲ တော်လှန်ရေးပြေးလမ်းပေါ်မှ လွင့်စဉ်သွားခဲ့ကြရပြီးဖြစ်သကဲ့သို့ အချို့သောအဖွဲ့အစည်းများမှာ စစ်အာဏာရှင်တို့အား နောက်မဆုတ်စတမ်း ကြံ့ကြံ့ခံသောစိတ်ဓာတ်များဖြင့် ဆက်လက်တွန်းလှန် တိုက်ခိုက်နေကြဆဲဖြစ်ကြောင်း ညီနောင်(၃)ဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထား သည်။



KNDF သည် ကရင်နီလူမျိုးများနှင့် ၎င်းတို့၏ဒေသအတွင်းရှိ ပြည်သူလူထု တစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ချနိုင်ရေးတို့အတွက် ကရင်နီလူမျိုးများဖြင့်စုဖွဲ့ကာ တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်ပြီး လေးနှစ်တာကာလအတွင်း တော်လှန်ရေးလောကဓံ အခက်အခဲများကို ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့်လက်တွဲပြီး ခါးစည်းရင်ဆိုင်ဖြတ်သန်းခဲ့ကြပြီးဖြစ်သည်ဟု သိရသည်။



တစ်ပြိုင်နက်တည်းတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်သည် တက်ကြွဖျတ်လတ်သော လူငယ်မျိုးဆက်သစ်များဖြင့် စုဖွဲ့မှုကောင်းစွာ တိုက်ပွဲဝင်နိုင်ခဲ့သလို ကရင်နီဒေသအတွင်း ရန်သူ့စခန်း တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည့်အပြင် တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး ထိုက်တန်သော အောင်မြင်မှုနှင့်အတူ ကရင်နီလူမျိုးများ၏ ဘိုးဘွားပိုင်နယ်မြေများကိုလည်း ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းလည်း ဂုဏ်ပြုသဝဏ်လွှာတွင်ဖော်ပြထားသည်။



လေးနှစ်တာတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး ဘဝများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြရသော ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များ၏ ပေးဆပ်မှုတိုင်းကို မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ လေးနက်စွာ ဂုဏ်ပြုအပ်ကြောင်း ဂုဏ်ပြုသဝဏ်လွှာက ဆိုထားသည်။


---


ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.