Preview

သေဘောဘိုးစခန်းအပါအဝင်နယ်စပ်တစ်လျှောက်ရှိမြန်မာစစ်တပ်သိမ်းသွားသောစခန်းများကိုတစ်ခုပြီးတစ်ခုKNU ပြန်လည်သိမ်းယူနေ

လူထက်နိုင် | ဇွန် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :571
ပြည်တွင်း သတင်း

(နောက်ထပ်နယ်စပ်တွင်သိမ်းယူရန်စခန်း၄ခုသာကျန်ရှိတော့ဟုဆို)

နိရဉ္စရာ၊ဇွန်လ ၅ /၂၀၂၅

၁၉၉၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်သိမ်းယူသွားသော မြန်မာ-ထိုင်းနယ်စပ်တွင်တည်ရှိသည့် သေဘောဘိုး စခန်းကိုနှစ်ပေါင်း (၂၈) နှစ်အကြာတွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟုသတင်းရရှိသည်။

ထိုင်း-မြန်မာနယ်စပ်၊ကရင်ပြည်၊မြဝတီမြို့နယ်၊သေဘောဘိုးစစ်ကောင်စီစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ကဦးဆောင်ပြီးဇွန်လ၃ရက်နေ့ညနေပိုင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇွန်လ၄ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ရာတွင်“ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ဒူးပလာယာခရိုင်၊တပ်မဟာ (၆)၊ကော့ကရိတ်မြို့နယ်သေဘောဘိုးကျေးရွာအတွင်း၁၉၉၇ခုနှစ်မှစတင်ကာအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက် ကျူးကျော်တပ်စွဲထားသောသေဘောဘိုးတပ်စခန်းအား၂၀၂၅ခုနှစ်ဇွန်လ (၃) ရက်နေ့ည (၁၁) နာရီအချိန်တွင်တပ်မဟာ (၆) ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်” ဟုဖော်ပြထားသည်။

blob
blob











သေဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ထံမှ  ၁၂၀မမ၊ပွိုင့်ဖိုက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိသည်ဟုသိရသည်။

ကရင်သတင်းရင်းမြစ်တစ်ခုက“ စစ်တပ်က၃၀နီးပါးသေတယ်။လက်နက်ချတာတွေရှိတယ်သလိုထိုင်းဖက်ကိုပြေးသွားတာလည်းရှိတယ်။ကျွန်တော်တို့အခုရှင်းလင်းရေးလုပ်နေပါတယ်၊စစ်ကောင်စီစခန်းတွေအခုလပိုင်းသိမ်းယူနိုင်လို့အားရပါတယ်”ဟုနိရဉ္စရာကိုပြောသည်။

စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေစဥ်အတွင်းစစ်ကောင်စီဘက်မှလေကြောင်းပစ်ကူအဖြစ်ဂျက်ဖိုက်တာ၃စီး၊Y-12 ၂စီးပေါင်း၅စီးလာရောက်ဗုံးကြဲသလိုဝေါလေဗျူဟာကလည်းလက်နက်ကြီးပစ်ကူပေးနေသည့်ကြားနာမည်ကြီးသေဘောဘိုးစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ-နယ်စပ်တစ်လျှောက်ရှိမာနယ်ပလောအပါအဝင်ပူးလူးတူ၊ခလယ့်ဒေး၊တခေါဘီခွီး၊မော်ဖားသူးစခန်း၊တာလယ်စခန်းများ၊မယ်လ၊ဘလက်ဒို၊မော်ခီး၊ဘုရင့်နောင်စခန်းကုန်း၊ကနဲလေးစခန်းနှင့်ရွှေအေးမြိုင်တပ်စခန်းတို့ကိုစခန်းများကိုစစ်ကောင်စီထံမှတစ်ခုပြီးတစ်ခုKNU ပြန်လည်သိမ်းယူနေပြီးနောက်ထပ်နယ်စပ်တွင်သိမ်းယူရန်စခန်း၄ခုသာကျန်ရှိတော့ဟုသိရသည်။

၎င်းစစ်ကောင်စီတပ်စခန်း၄ခုမှာဥကရစ်ထ၊ဝေါ်လေဗျူဟာကုန်း၊တီသဲလယ်စခန်း၊ထီးကပလယ်စခန်းတို့ဖြစ်ကြောင်းသိရှိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.