Preview

မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေသည့်တရုတ်အစိုးရအား ဂျပန်ရောက် မြန်မာများ ကန့်ကွက်ဆန္ဒပြ

မောင်စာဂ | ဇွန် ၀၉/ ၂၀၂၅ | ကြည့်ရှုသူ :836
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၉/၂ဝ၂၅

မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေသည့်တရုတ်နိုင်ငံအစိုးရအား ဂျပန်ရောက် ရခိုင်လူမျိုးများအပါအဝင် မြန်မာပြည်သူများက ယမန်နေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဂျပန်ရောက် ရခိုင်လူမျိုးများအပါအဝင် ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်၊ ရှမ်း၊ မွန်၊ ပအို့ဝ်နှင့် ပလောင်စသည့် မြန်မာတိုင်းရင်းသားလူမျိုးများစုပေါင်းပြီး ဂျပန်နိုင်ငံရှိ တိုကျိုမြို့၊ အိုဆာကာမြို့နှင့် နာဂိုယာမြို့စသည့်မြို့တို့တွင် ယမန်နေ့ ဇွန်လ ၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ၌ တပြိုင်တည်း လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်အစိုးရ၏ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေမှုများနှင့် မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာကြည့်ပြီး အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် လိုသလိုချယ်လှယ် ချုပ်ကိုင်နေမှုများ၊ အမိမြန်မာပြည်မှ သဘာဝသယံဇာတများအား အလကားနီးပါ တူးယူ ခုတ်ဖြတ်သယ်ဆောင်နေမှုများ၊ တိုင်းရင်းသားအင်အားစုများနှင့် နွေဦးတော်လှန်ရေး အင်အားစုများအပေါ် အလွန်အကျွံ ဖိအားပေးမှုများနှင့် မြို့များကိုစွန့်လွှတ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)များအား အကြပ်ကိုင်နေမှုများ၊ အရပ်သားပြည်သူများအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကောင်စီအား လက်နက်နှင့် နည်းပညာ ထောက်ပံ့နေပြီး မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်အသံကို လေးစားမှုမရှိသည့် တရုတ်ကွန်မြူနစ်အစိုးရ၏ လုပ်ရပ်များအား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက လုံးဝ လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။

ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သူ ဂျိမ်းစ်သန်းလွင်က “တရုတ်အစိုးရက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာတွေရယ်၊ ပြီးတော့ မတရားအာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံနေတာတွေကို ချက်ချင်းရပ်တန့်သွားဖို့အတွက် ကျနော်တို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ”ဟု နိရဉ္စရာကို ပြောသည်။

blob
တိုကျိုမြို့တွင်ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲအတွင်း လူပေါင်း ၁ဝဝ ခန့်ပါဝင်ခဲ့သည်ဟုလည်း သိရသည်။

စစ်ကောင်စီကို ထောက်ခံနေသော တရုတ်အစိုးရကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရှိ တရုတ်သံရုံးရှေ့တွင်လည်း အမေရိကန်ရောက် မြန်မာများက ဇွန်လ ၆ ရက်နှင့် ၇ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ကန့်ကွက်ဆန္ဒပြခဲ့ကြသေးသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် တရားမဝင်စစ်အစိုးရကို ထောက်ခံနေမှုမျိုးစုံအား ရပ်တန့်ပေးရန်၊ မြန်မာပြည်သူများ၏ အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီကို လေးစားရန်၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်များကို ရောင်ပြန်ဟပ်သည့် စစ်မှန်သော၊ အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပေးရန်တို့ကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နှင့် မြန်မာနိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပြင် နောင် ဆယ်စုနှစ်များအထိ အပြန်အလှန်အကျိုးရှိစေမည့် မိတ်ဖက်ဆက်ဆံရေး ကဏ္ဍသစ် ဖော်ထုတ်ရန် အနီးကပ်ပူးပေါင်းသွားမည်ဟု တရုတ်သမ္မတကို ယမန်နေ့ ဇွန်လ ၈ ရက်တွင် ပြောဆိုခဲ့သည်။

ယမန်နေ့တွင် ကျရောက်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အပြန်အလှန် သဝဏ်လွှာများပေးပို့ကြစဉ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရုတ် - မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွ ဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်း သူ၏ သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။

ဓာတ်ပုံ - စစ်ကောင်စီကို ထောက်ခံနေသည့် တရုတ်အစိုးရအား ဂျပန်နိုင်ငံရောက် မြန်မာများက တိုကျိုမြို့တွင် ဇွန်လ ၈ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#တရုတ်#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.