Preview

ပစ်ချခံလိုက်ရသည့် တိုက်လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူးအလောင်းအပါအဝင် မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းလေးလောင်းတွေ့ရှိထား

မောင်စာဂ | ဇွန် ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :1753
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၁ /၂ဝ၂၅

ယမန်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပစ်ခတ်ခံလိုက်ရသည့် တိုက်လေယာဉ်ပျက်ကျမှုအတွင်း မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းလေးလောင်းတွေ့ရှိထားပြီး လေယာဉ်မှူးသေဆုံးသွားကြောင်း အတည်ပြုထားနိုင်ပြီဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ယနေ့ညနေတွင် ထုတ်ပြန်သည်။

“PLA မှ ပစ်ချလိုက်သော စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ကျေးရွာတရွာထဲသို့ ထိုးစိုက်ဆင်းသွားပြီး လေယာဉ်မှူး ‌သေဆုံးကြောင်း အတည်ပြုထားနိုင်ပါသည်”ဟု ယနေ့ ဇွန်လ ၁၁ ရက်၊ ညနေထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် လေယာဉ်ပျက်ကျရာနေရာရှိ အိမ်တစ်လုံးထဲတွင် ရုပ်အလောင်းသုံးလောင်းနှင့် ခြံဝန်းထဲတွင် ရုပ်အလောင်း တစ်လောင်း၊ စုစုပေါင်း ရုပ်အလောင်း လေးလောင်း တွေ့ရှိထားသည်ဟုလည်း PLA က ဆိုသည်။

“အချို့ရုပ်အလောင်းများမှာ လုံးဝမီးကျွမ်းထားပြီး အချို့မှာ မီးဆက်မလောင်ဘဲ ရှိနေပါသည်။ ရုပ်အ‌လောင်းများမှာ မီးကျွမ်းထားသောကြောင့် လေယာဉ်မှူး၏ ရုပ်အ‌လောင်းကို ခွဲခြား အတည်ပြု၍ မရသေးပါ”ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်လေယာဉ်၏ နောက်ထပ်အပျက်အစီးပုံများကိုလည်း PLA က ယနေ့ညနေတွင် ပူးတွဲ ထုတ်ပြန်ထားသည်။

blob

အဆိုပါတိုက်လေယာဉ်ကို ယမန်နေ့ ဇွန်လ ၁၀ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း PLA က ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

PLA သည် ကန်ထောင့်ရဲစခန်းကို ဇွန်လ ၂ ရက်မှစတင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် သုံးစီး လာရောက်တိုက်ခိုက်ခဲ့သည့်အနက် တစ်စီးကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ပစ်ချလိုက်နိုင်သော လေယာဉ်အမျိုးအစားကိုလည်း အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်ဟု PLA ၏ ယနေ့ညနေထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီကမူ အဆိုပါတိုက်လေယာဉ်သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၂ဝဝဝ ခန့်အကွာ စပါးစေ့ကျေးရွာအနီး ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပျက်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာပို့သော စစ်ရဟတ်ယာဉ်နှစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အသေခံဒရုန်းများဖြင့် ပစ်ချနိုင်ခဲ့သည်။

အဆိုပါရဟတ်ယာဉ်ပျက်ကျမှုကိုလည်း စစ်ကောင်စီက စက်ချို့ယွင်း၍ ပျက်ကျခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - PLA က ယနေ့ ဇွန်လ ၁၁ ရက်၊ ညနေပိုင်း ထုတ်ပြန်လိုက်သည့် ပစ်ချခံလိုက်ရသော တိုက်လေယာဉ်၏ အပျက်အစီးပုံများ။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.