သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၂/၂၀၂၅
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ကျောက်တူးဖော်ရေးလုပ်သား သုံးဦးကို စစ်ကောင်စီက ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့နယ်၊ မှော်စီစာဘုရားကုန်းအောက်ရှိ လမ်းဆုံတွင် ယမန်နေ့ ဇွန်လ ၁၁ ရက်၊ ညအချိန်က သက်လတ်ပိုင်းအရွယ်အမျိုးသားသုံးဦးကို စစ်ကောင်စီစစ်ကြောင်းတစ်ခုက သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ညက ပစ်ခတ်သံတွေတော့ ကြားလိုက်တယ်။ ဒါပေမယ့် ညဖက်ကြီး ဘယ်သူမှထွက်မကြည့်ရဲတော့ မနက်ကျမှ လမ်းဘေးမှာ အစုလိုက်ပုံပြီး သေနေတာတွေ့တယ်။ သေနတ်ဒဏ်ရာတွေနဲ့။ စစ်ကောင်စီစစ်ကြောင်းလှည့်နေတဲ့အချိန် ပစ်သတ်သွားတာ။ သူတို့က သတ်လတ်ပိုင်းအရွယ်လောက်တော့ ရှိမယ်။ ဒီမှာအလုပ်လုပ်နေတဲ့သူတွေ ရေမဆေးလုပ်သားတွေပေါ့။ နေရပ်လိပ်စာနဲ့ နာမည်တော့ မသိရသေးဘူး" ဟု ပြောသည်။
မှော်စီစာဘုရားကုန်းတွင် မေလကုန်မှစတင်ကာ စစ်ကောင်စီတပ်စွဲထားပြီး ဒေသခံများအပါအဝင် အနယ်နယ်အရပ်ရပ်မှ အလုပ်လုပ်ကြသူများကို မကြာခဏဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းများအား စစ်ကောင်စီတပ်က ပြုလုပ်လျက်ရှိနေသည်ဟု ဖားကန့်စစ်ရှောင်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"စစ်ကောင်စီစစ်သားတွေ ဖားကန့်မှာသောင်းကျန်းနေတာ မေလလောက်ကတည်းက။ လူတွေကို ဖမ်း၊ ပစ်သတ်။ အလုပ်သမားတွေလည်း ဘဝပျက်နေရပြီ။ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေကအစ မီးရှို့ဖျက်ဆီး" ဟု ပြောသည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်ကလည်း ဖားကန့်မြို့နှင့် ၃ မိုင်ခန့်သာဝေးသည့် လုံးခင်းဒေသခံ ငါးဦးကို စစ်ကောင်စီစစ်ကြောင်းက သေနတ်ဖြင့်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့ကလည်း ဖားကန့် မြို့နယ်၊ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်တွင် စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ကလေးလေးဦးအပါအဝင် အရပ်သား ကိုးဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ကြောင်း သိရသည်။
စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် KIA တို့၏ တိုက်ပွဲများနှင့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများကြောင့် ဖားကန့်ဒေသခံ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းများ ပြည်သူလူထုကို ဒုက္ခပေးနေသဖြင့် ဖားကန့်ဒေသခံများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ည (၉)နာရီမှ နံနက် (၄)နာရီအထိ အပြင်မထွက်ရဟု ဒေသန္တအမိန့်ထုတ်ထားကြောင်းလည်း သိရသည်။
ပုံ-ပေးပို့
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။