Preview

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :1291
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇွန် ၁၅/ ၂၀၂၅

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တအာင်းတပ်မတော် ( TNLA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲများနှင့် ပတ်သက်ပြီး PSLF/TNLA က ဇွန်လ၁၄ ရက်နေ့က သတင်းထုတ်ပြန်ရာတွင် တိုက်ပွဲများသည် အာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ရွှေသွန်းကျေးရွာ၊ ပိန္နဲကုန်းနှင့် ညောင်တောကျေးရွာကြားတွင်ဆက်လက်ဖြစ်ပွားခဲ့နေကြောင်းဖော်ပြထားသည်။

ဇွန်လ၁၃ ရက်  နေ့လယ် (၁၂း၂၀)နာရီအချိန် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးအဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၃၅)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။ 

အလားတူ ပိန္နဲကုန်းနှင့် ညောင်တောကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၄၁)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၇)လုံးကိုလည်း ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု​ဆက်လက်ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့လည်း ကန်ကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း လက်နက်ကြီး (၅၀)လုံးနှင့် ဒရုန်းဖြင့် ဗုံး(၁၅)လုံးတို့ကို စစ်ကောင်စီတပ်မှ ပစ်ကူခဲ့သည်ဟုဆိုသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးထားမှုအားစစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် ‌နောင်ချိုမြို့နယ်တွင်တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိနေသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ဇွန်လ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထိုးစစ်ဆင်များ ပြုလုပ်မည်မဟုတ်ကြောင်းထုတ်ပြန်ထားသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာ ဆောင်ရွက်ရန်လိုအပ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.