လူထက်နိုင် ၊နိရဉ္ဇရာ၊ ဇွန် ၂၀ /၂၀၂၅
အိန္ဒိယနိုင်ငံအထိသွားလာနိုင်သည့်လမ်းပိုင်းပေါ်ရှိ မဟာဗျူဟာအရအရေးပါသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီ၏ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကန့်ဒေါင့်ရဲစခန်းကို PLA ၏ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုက ယမန်နေ့ ဇွန်လ ၁၉ ရက်၊ နံနက် ၇ နာရီခန့်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း PLA က ယနေ့ ဇွန်လ ၂ဝ ရက်တွင် ထုတ်ပြန်သည်။
ကန့်ဒေါင့်ရဲစခန်းကို PLA က ဇွန်လ ၂ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာတွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကန့်ဒေါင့်ရဲစခန်းသည် အချက်အချာကျသော အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ) လမ်းပိုင်းပေါ်တွင် တည်ရှိပြီး အဆိုပါလမ်းသည် အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာ ဖြစ်သည်ဟု PLA က ဆိုထားသည်။
ထို့အပြင် ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် (ကပစ ၂၄) တည်ရှိသည်ဟု သိရသည်။
ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာများ၊ မိုင်းကွင်းများ၊ ကတုပ်ကျင်းများဖြင့် ခံစစ်အထပ်ထပ်ပြင်ထားသော တပ်စခန်းတခု ဖြစ်ကြောင်း သိရသည်။
ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် PLA မှ အမျိုးသမီးရဲဘော်များလည်း ရွပ်ရွပ်ချွံချွံ ပါဝင်ကာ တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲကာလတွင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ တရစပ်ပေးခဲ့ပြီး အပြင်းအထန်ခုခံခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှ စခန်းသိမ်းနိုင်သည့် ဇွန်လ ၁၉ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀၀) ကျော် ပြုလုပ်ခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။
ဂျက်ဖိုက်တာများ၊ Y12 ဗုံးကြဲလေယာဉ်များအပါအဝင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် စက်တပ်လေထီးများဖြင့်ပါ ခုခံတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။
ဇွန်လ ၁၀ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တိုက်ပွဲသို့ လေကြောင်းပစ်ကူ လာပေးသော စစ်ကောင်စီ၏ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို PLA က ပစ်ချနိုင်ခဲ့သည်။
ပစ်ချလိုက်သော လေယာဉ်သည် ပုလဲမြို့နယ်ရှိ ကျေးရွာတရွာအတွင်းသို့ ထိုးစိုက်ပျက်ကျသွားပြီး လေယာဉ်မှူးလည်း သေဆုံးသွားခဲ့သည်။
ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ သိမ်းပိုက်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နှင့် အညာမြေတပ်ပေါင်းစုတို့ကလည်း မဟာမိတ်ကောင်းပီသစွာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - PLA
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။