Preview

ပဒါန်းမြို့အဝင်အထွက်ကို စစ်ကောင်စီပိတ်ထား၍ ရိုးပေါ်မှ ချင်းဒေသခံများ ဆေးဝါးနှင့် ရိက္ခာပြတ်လပ်နေ

သဉ္ဇာနွယ် | ဇွန် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :1578
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၀/၂၀၂၅

မကွေးတိုင်း၊ ပဒါန်းမြို့အဝင်အထွက်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားသည့်အတွက် အမ်း-ပဒါန်းလမ်းရှိ ရိုးပေါ်မှ ချင်းဒေသခံများ ဆေးဝါးနှင့် ရိက္ခာပြတ်လပ်နေကြောင်း သတင်းရရှိသည်။

ရိုးပေါ်ဒေသခံချင်းလူမျိုးများ အဓိကအားထားရသည့် ပဒါန်းမြို့အဝင်အထွက်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ ပိတ်ပင်တားမြစ်ထားသည့်အတွက် ဒေသခံချင်းလူမျိုးများတွင် စားနပ်ရိက္ခာနှင့်ဆေးဝါးများပြတ်လပ်နေသည်ဟု ချင်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရိုးတောင်ပေါ်က ဒေသခံအများစုက ပဒါန်းကိုပဲအားထားရတယ်။ အမ်းဖက်နဲ့ဆို ဝေးတယ်။ အဓိက စားနပ်ရိက္ခာက ပဒါန်းကနေ ဝယ်ရတယ်။ အခုက ပဒါန်းဖက်မှာ စစ်ကောင်စီစစ်ကြောင်းတွေရှိတယ်။ စစ်ကောင်စီက ဝင်ခွင့်မပေး‌တော့ အဓိက ဆန်ပြတ်လပ်တယ်။ ဟင်းတွေက ရှာစားလို့ရသေးတယ်။ ပြီးတော့ ဆေး။ ဖျားနာလို့ပဒါန်းဆေးရုံသွားမယ်ဆိုရင်တောင် မရဘူး။ စစ်ကောင်စီက အမျိုးမျိုးရစ်တယ်။ အမှန်တကယ်နေမကောင်းဖြစ်ရင်တောင် ဆေးထောက်ခံစာတောင်းပြီး ရစ်တယ်" ဟု ပြောသည်။

မြို့အဝင်အထွက်အား ပိတ်ပင်ပြီးနောက်တွင် တဖြည်းဖြည်း ပြန်လည်ဝင်ထွက်ခွင့်အနည်းငယ်ရရှိခဲ့သော်လည်း ပြီးခဲ့သည့်မေလမှစတင်ကာ ဒေသခံများအား မြို့ပေါ်မှနေ၍ စားနပ်ရိက္ခာကို တစ်နပ်စာထက်အပို ဝယ်ယူခွင့်မပြုဘဲ ထပ်မံ တားမြစ်လာခဲ့သည်။

ယင်းသို့ တားမြစ်ထားသည့်အတွက် ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အကြား ရိုးပေါ်တွင်ရှိသည့် မထုံ၊ ကမြင်းကန်၊ တိုက်စည်း၊ ဇမြွန်း၊ ရှောက်တောင်၊ ဂုတ်ကြီး၊ ဂုတ်ဝ၊ ခွန်ဆူရွာ၊ ရေနွယ်ရွာ၊ လှိုင်ရွာ၊ ပဇီရွာစသည့်ကျေးရွာများမှ ဒေသခံများတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာများ ပိုမိုကျပ်တည်းခက်ခဲလျက်ရှိသည်ဟု သိရသည်။

ရိုးတလျှောက်မှ ကျေးရွာဒေသခံများကို အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်စပ်သည်ဟုဆိုကာ ယခုကဲ့ပိတ်ပင်တားမြစ်လာခြင်းဖြစ်ပြီး ဆေးဝါးရိက္ခာပြတ်တောက်အောင် ရည်ရွယ်ချက်ရှိရှိပြုလုပ်နေသည်ဟု AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

"AA ထိန်းချုပ်တဲ့နယ်မြေတွေက ချင်းဒေသခံ၊ ရခိုင်ဒေသခံတွေကို စစ်ကောင်စီက တမင် တားမြစ်ပိတ်ပင်နေတာ။ အခု ရိုးပေါ်က AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သူတို့ရွာတွေမှာ လွတ်လပ်စွာဝင်လို့ နေကြတယ်။ စားရေးသောက်ရေးက အရင်ကတည်းက ပဒါန်းကိုပဲ သွားလာပြီး သူတို့က ပစ္စည်းရောင်းလိုက်၊ သူတို့က ပဒါန်းကနေ စားစရာပြန်ဝယ်လိုက်ပေါ့"ဟု ပြောသည်။

စားနပ်ရိက္ခာများ AA ထံ ရောက်မည်စိုးသည့်အတွက် နတ်ရေကန်စခန်းကို ဦးဆောင်ကာကွယ်ရန်တာဝန်ကျထားသည့် တပ်မ(၉၉)မှ ဗိုလ်မှူးချုပ် နိုင်ဝင်းဦးဆောင်ပြီး ယခုကဲ့သို့ မြို့အဝင်အထွက်နှင့် စားနပ်ရိက္ခာသယ်ယူခွင့်များအား တားမြစ်ထားခြင်းဖြစ်သည်ဟု ပဒါန်းဒေသခံများက ပြောသည်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.