(စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိ)
လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၂၁ /၂၀၂၅
ရခိုင်ရိုးပေါ် အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်း၏ကာကွင်းစခန်းတစ်ခုကို အရှိုချင်းကာကွယ်ရေးတပ် CDF (Asho)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြား စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ (၂ဝ)ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း( ဗျူဟာကုန်း)၏ ကာကင်းစခန်းဖြစ်သော ငဖဲမြို့နယ်၊ ခွန်ဇူရွာ လမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို CDF (Asho)နှင့် လူ့ဘောင်သစ်တပ်မတော် (NSA)တို့နှင့် ပူးပေါင်း၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF (Asho)က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
“ထိုသို့ဝင်ရောက်တိုက်ခိုက်ပြီး (၁၅ မိနစ်ခန့်အကြာတွင် ရန်သူ စစ်ကောင်စီတပ်သား အများအပြား စခန်းစွန့်ခွာထွက်ပြေးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁)ဦး ပွဲချင်းပြီးသေဆုံး၊ (၁)ဦး အရှင်ဖမ်းဆီးမိပြီး စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိကာ ထွက်ပြေးသွားကြောင်း သိရသည်”ဟု ဖော်ပြထားသည်။
CDF Asho မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ(မစိုးရိမ်ရ) ရှိခဲ့ကာ အဆိုပါစခန်းမှ MA အမျိုးအစား လက်နက်ငယ် ငါးလက်၊ BA 100 စိန်ပြောင်း တစ်လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် နတ်ရေကန်လမ်းဟောင်းအား ဖြတ်တောက်တိုက်ခိုက်ရေး လုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၄ ဦးအား ဇွန်လ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် MA - 1 သုံးလက်၊ MA - 3 တစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းလည်း CDF Asho က ထုတ်ပြန်ထားသည်။
နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ဓာတ်ပုံ - CDF Asho
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။