(ငသိုင်းချောင်းကို ညမထွက်ရ အမိန့်ထုတ်မည်ဟု သတင်းထွက်)
နိရဉ္စရာ၊ ဇွန် ၂၂/ ၂၀၂၅
ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်အနောက်ခြမ်းက စာသင်ကျောင်း (၁၆)ကျောင်းကို တိုက်ပွဲများကြောင့် ယခုလ ၂၀ ရက် သောကြာနေ့စပြီး ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပိတ်လိုက်ရသည့် ကျောင်းများအထဲတွင် လှော်ကထား၊ စောပြာ၊ ချင်းကုန်း၊ စမ်း၀၊ ကျားကိုက်၊ သဲနုကုန်း၊ ဇီးပင်ကွင်း၊ရေဖြူစသည့်ကျေးရွာများပါဝင်သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
“ပိတ်လိုက်ရတဲ့ ကျောင်းတွေက လေးမျက်နှာမြို့နယ် ငဝန်မြစ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးတစ်၀ိုက်က စာသင်ကျောင်းတွေလို့ သိရပါတယ်။ ဒီလ ၂၀ ရက် သောကြာနေ့က စပိတ်လိုက်တယ်လို့ သိရပါတယ်။ ဆရာ ဆရာမတွေ မြို့ပေါ်ကို စစ်ရှောင်လာကြတာကို တွေ့ရပါတယ်။ သူတို့ကိုတော့ မြို့ပေါ်က စာသင်ကျောင်းတွေမှာ တွဲထားမယ်လို့ ပြောပါတယ်။”
ဇွန် ၁၅ ရက်နေ့ကစပြီး လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတလျှောက်ရှိကျေးရွာများတွင် အာရက္ခတပ်တော်နှင့်ပူးပေါင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများဖြစ်နေသဖြင့် ဒေသခံကျေးရွာသားအများအပြားမှာလည်း စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
“ ကျွန်တော်တို့ကြားရသလောက် ပုသိမ်-မုံရွာ လမ်းတစ်လျှောက်က ရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို အေအေနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်တွေက ဝင်တိုက်တယ်လို့ ကြားပါတယ်။ စစ်ကောင်စီက လေယာဉ်တွေနဲ့ ဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေပါတယ်။ Y-12 လေယာဉ်ကတော့ မကြာခဏ ဖြတ်ပျံတာကို မြင်ရပါတယ်” ဟု ၎င်းက ပြောသည်။
၎င်းပြင် ပုသိမ်-မုံရွာ ကားလမ်းအနီးက ရေဖြူနှင့် သဲနုကုန်းရဲကင်းစခန်းများကိုလည်း AA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ကာ ကျေးရွာသားများမှာ လေးမျက်နာ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
လက်ရှိ တိုက်ပွဲများဖြစ်ပွားမှုမှာ ငသိုင်းချောင်းမြို့အနီးသို့ ရောက်ရှိလာသဖြင့် ညမထွက်ရ အမိန့်ထုတ်ပြန်ရန် စစ်ကောင်စီက စီစဉ်နေပြီး ယနေ့မဟုတ်လျှင် မနက်ဖြန်ထုတ်ပြန်နိုင်သည်ဟု ဒေသခံများထံမှ သိရှိရသည်။
ငသိုင်းချောင်းမြို့ အမြောက်တပ် (အမတ- ၃၄၄) အနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့မှုများရှိခဲ့ပြီး ၎င်းတပ်ရင်းကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်း ပိတ်ဆို့ထားသည်ဟု ဆိုသည်။