မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂၅ /၂ဝ၂၅
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သောအဖွဲ့သည် ဥရောပ-အာရှ စီးပွားရေးဖိုရိမ်သို့တက်ရောက်ရန် ယနေ့နံနက်တွင် ဘယ်လရုစ်သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂၅ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် နေပြည်တော်မှတဆင့် အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။
ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်ကောင်စီတွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများလိုက်ပါသွားခဲ့ကြသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ်တို့အပြင် ၎င်းနှင့် နီးစပ်သည့်လုပ်ငန်းရှင်များလည်း လိုက်ပါသွားကြောင်း သိရသည်။
ယခုခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ခြင်း၊ ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံမှတဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - One News Myanmar
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။