(စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက် ဒဏ်ရာရရှိပြီး ရဲအုပ်တစ်ဦးအပါအဝင် စစ်သုံ့ပန်းသုံးဦးကို ဖမ်းမိခဲ့)
လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၂၆ /၂၀၂၅
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့်စခန်းကိုးခုသည် တော်လှန်ရေးတပ်ဖွဲ့များထံ တပြိုင်တည်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ဦးထက်မနည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။
အဆိုပါတပ်စခန်းကိုးခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များက ယမန်နေ့ ဇွန်လ ၂၅ ရက်၊ နံနက်အစောပိုင်းတွင် တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ ရဲအုပ်တစ်ဦးအပါအဝင် စစ်သုံ့ပန်းသုံးဦးကို ဖမ်းဆီးရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။