နိရဉ္စရာ၊ ဇွန် ၂၈/ ၂၀၂၅
ဘင်္ဂလာ- ရခိုင်နယ်စပ်တွင် မှောင်ခိုပစ္စည်းများ သွားသယ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လူငယ်တစ်ဦး မြေမြှုပ်မိုင်း ပေါက်ကွဲ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းလူငယ်မှာ ကော့စ်ဘဇားခရိုင်၊ ရာမူး (ပန်းဝါ)မြို့နယ်၊ Kachchhpia တိုက်နယ် မော်လဗီကတာ အရပ်မှအိုမာမီယာ (၂၅) နှစ် (ဘ) ဆာဘာမီယာ ဖြစ်ကြောင်း Jago News 24 တွင် ဘင်္ဂလီဘာသာဖြင့် ရေးသားဖော်ပြထားသည်။
ယခု ၂၅ ရက်နေ့က ၎င်းလူငယ်သည် ရခိုင်နယ်စပ်အနီးရှိ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ နယ်စပ်ကို ဖြတ်၍ မှောင်ခိုပစ္စည်းများသယ်ဆောင်လာစဉ် မြေမြှုပ်မိုင်းကို နင်းမိကာ ပေါက်ကွဲဖြစ်၍ ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။
“ ဖြစ်တာက ဇွန် ၂၅ ရက် နံနက် ၃၀ နာရီ ၃၀ မိနစ်မှာ နတ်ကျောက်ဆရီမြို့နယ်၊ ဘူဇီလာနယ်စပ် ဂျာရူလီယာခရီယာမှာဖြစ်ပွားခဲ့တာပါ။ မိုင်းပေါက်ကွဲပြီး သူရဲ့ ဘယ်ဘက် ခြေကျင်းဝတ်အောက်ပိုင်း တစ်ခုလုံး လွင့်ထွက်သွားခဲ့ပါတယ်”ဟု ဒေသခံ လူကြီးတစ်ဦးက ပြောသည်။
နတ်ကျောက်ဆရီရဲစခန်းမှ တာဝန်ခံ (OC) Md.Masruul ကလည်း "မိုင်းပေါက်ကွဲမှုကြောင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပါတယ်။ ဒေသခံတွေက သူ့ကို ကယ်ဆယ်ပြီး ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
၎င်းလူငယ် အိုမာမီယာသည် နယ်စပ်တွင် နွားနှင့် မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွင် အချိန်အတော်ကြာ ပါဝင်ပတ်သက်ပြီး လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး အခြားနေ့ရက်များကဲ့သို့ အဆိုပါနေ့ကလည်း မှောင်ခိုသမားများနှင့်အတူ နွားများနှင့် မူးယစ်ဆေးဝါးများ ယူဆောင်ရန် မြန်မာနယ်စပ်သို့သွားရောက်စဉ်မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။
ဒဏ်ရာရရှိသွားသူအား နတ်ကျောက်ဆရီမြို့နယ်ဆေးရုံသို့ ယူဆောင်လာပြီး ထိုမှ တစ်ဆင့် ကော့စ်ဘဇားခရိုင်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု ဆိုသည်။
ယခုမိုင်းပေါက်ကွဲမှုသည် ၅ ရက်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ကလည်း နယ်စပ်တွင် မိုင်းပေါက်ကွဲ၍ အသက် (၁၇) နှစ်အရွယ် ဘင်္ဂလီ လူငယ်တစ်ဦး ခြေထောက်ပြတ်ထွက်သွားခဲ့သည်။
၎င်းလူငယ်မှာ အိုကီးယားမြို့နယ်မှ အာရာဖာတူအစ္စလာမ်(ခေါ်)ဘာဒဲလ် (၁၇)နှစ် (ဘ) Khuilla Mia ဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်- ရခိုင်နယ်စပ် တစ်လျှောက်တွင် စစ်ကျန်မိုင်းထောင်နှင့်ချီပြီး ကျန်ရှိနေကာ လက်ရှိအချိန်ထိ အဆိုပါ မိုင်းများကို မည်သူမျှ ရှင်းလင်းခြင်းမရှိသေးသဖြင့် နယ်စပ်တွင် အန္တရာယ်အဆင့်ဖြင့် တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။