လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၂ /၂၀၂၅
မြန်မာနိုင်ငံတွင် ငလျင်အပြီး ပြန်လည်ထူထောင်ရေးကာလတွင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှုတို့မှကာကွယ်ရန် ယခင်ကထက် ပိုပြီး အရေးကြီးလာကြောင်း United Nations Myanmar က ယနေ့ ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံရဲ့ ငလျင်အပြီး ပြန်လည်ထူထောင်ရေး ကာလမှာ ထိခိုက်ခံစားမှုအလွယ်ဆုံးသူတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှု (SEA)တို့ကနေ ကာကွယ်ခြင်းဟာ အရင်ကထက် ပိုပြီး အရေးကြီးလာပါတယ်။ ငလျင်မဖြစ်ခင်ကတည်းက လူမှုအသိုင်းအဝိုင်းအများအပြားဟာ ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများဖြစ်သည် - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ (FAO)၊ ကုလသမဂ္ဂရွေ့ပြောင်းလုပ်သားများအဖွဲ့ (IOM)၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂဝန်ဆောင်မှုရုံး(UNOPS)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့၏ပံ့ပိုးကူညီမှုဖြင့် ငလျင်ဒဏ်တုံ့ပြန်ဆောင်ရွက်ရေးတွင် ပါဝင်နေကြသည့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အလွဲသုံးစားလုပ်မှုမှ ကာကွယ်ရေး (PSEA) အဓိက တာဝန်ရှိသူများသည် အထူးသင်တန်းများအား တက်ရောက်ခဲ့ကြောင်း သိရသည်။
“သင်တန်းတက်ရောက်ပြီးစီးသူတွေအနေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေသာမက မိတ်ဖက်အဖွဲ့အစည်းတွေကိုလည်း ဒီအသိပညာတွေ မျှဝေနိုင်တော့မှာဖြစ်လို့ လူအများအပြားကို လိင်အကြမ်းဖက်မှုကနေ အကာအကွယ်ပေးနိုင်သလို လိင်အမြတ်ထုတ်မှုတွေကနေ လွတ်မြောက်လာသူတွေကိုလည်း ကာကွယ်စောင့်ရှောက်ပေးပြီး ဂုဏ်သိက္ခာရှိရှိ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ (၄)နှစ်တာ ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့ရာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှုများလည်းပါဝင်ကြောင်း သိရသည်။
Photo - Getty Images/ iStockphoto
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။