နိရဉ္စရာ၊ ဇူလိုင် ၁၀/၂၀၂၅
Brave Warriors for Myanmar (BWM) က ပဲခူးတိုင်း၊ တောင်ငူမြို့၊လေးမိုင်အခြေစိုက်ခလရ(၃၉) ကို ၁၀၇ မမ ရှော့တိုက်ဒုန်း၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ခုနစ်ဦးရှိသွားကြောင်းသတင်းရရှိသည်။
၎င်းတိုက်ခိုက်မှုကိုဇူလိုင် ၈ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ပြုလုပ်ခဲ့ပြီး၁၀၇ မမရှော့တိုက်ဒုန်းသုံးလုံးမှာစခန်းတွင်းကို ထိမှန်ခဲ့သည်ဟုတာဝန်ရှိသူတစ်ဦးက ပြောသည်။
ခလရ(၃၉)တပ်ရင်းအတွင်းသို့ရှော့တိုက်ဒုန်းများကျရောက်ပေါက်ကွဲခဲ့သောကြောင့် တပ်ရင်းရိက္ခာဂိုဒေါင် ၊ စက်ပစ္စည်းဂိုဒေါင် ၊ တပ်ရင်း လူပျိုဘားတိုက်များ ပျက်စီးပြီး အရာရှိနှစ်ဦးအပါအဝင် ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း BWM တာဝန်ရှိသူကပြောဆိုသော်လည်းနိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
အထက်ပါစစ်ဆင်ရေးကို BWMအဖွဲ့သည် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂)၊ တပ်ရင်း (၅)နှင့် ပူးပေါင်း၍ Mountain Knights Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) တို့နှင့်အတူ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ခလရ(၃၉)တပ်ရင်းသည် တောင်ပိုင်တိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီးယင်းနယ်မြေအတွင်း တော်လှန်ရေးလှုပ်ရှားမှုများအဟန့်အတားဖြစ်စေသည့် တပ်စခန်းဖြစ်သောကြောင့် မဟာမိတ်အဖွဲ့ KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅)၏ နယ်မြေစစ်ရေးလိုအပ်ချက်အရ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BWMက ထုတ်ပြန်ထားသည်။
BWM အဖွဲ့သည် အထက်ပါ မဟာမိတ်များနှင့်အတူ ဇူလိုင် ၈ရက်ကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်ကိုလည်း ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။
ပုံစာ- မပစ်ခတ်ရသေးသည့် ရှော့တိုက်ဒုန်းများကို တွေ့ရစဉ်/ပုံဟောင်း-DVB