လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၉/၂၀၂၅
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်နယ်စပ်ကျေးရွာများကို ယနေ့တွင် စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက် ၇ နာရီဝန်းကျင်မှစ၍ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အစပ် ပန်းတောကြီး၊ လယ်တံငယ်၊ ထောက်ကြံ့ကွင်း၊ စောပြာ၊ ကျားကိုက်ကျေးရွာများသို့ အကြမ်းဖက် စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပုသိမ်ဒေသခံတစ်ဦးက "မနက်အစောပိုင်းက ကြဲတာပါ။ အဲဒီရခိုင်ရိုးမအစပ်ရွာတွေ လုပ်စားဖို့ကိုမရဘူး။ AA ရောက်နေတယ်စွပ်စွဲချက်နဲ့ ဗုံးကြဲ၊ စစ်ကြောင်းထိုးလုပ်နေတာကြာပြီ" ဟုပြောသည်။
လက်ရှိတွင် ပြည်သူများ ထိခိုက်မှုရှိ/မရှိနှင့် အိုးအိမ်ပျက်စီးမှုများကို အတိအကျမသိရသေးဘဲ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ယခုကဲ့သို့ ဇူလိုင် (၁၉) အာဇာနည်နေ့တွင်ပင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်နေခြင်းသည် စစ်ကောင်စီ၏ ယုတ်မာမှုဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ဇူလိုင်လအတွင်း ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များတွင် ထိတွေ့တိုက်ပွဲများလည်း ရှိခဲ့ပြီး စစ်ကောင်စီ၏ ကြောင်းတိုက်ခိုက်ခံရမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ - သတင်းအထူးတပ်ဖွဲ ပုသိမ်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။