နိရဉ္စရာ၊ ဇူလိုင် ၂၉/ ၂၀၂၅
စစ်ကောင်စီက လေကြောင်းက ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ် အရွယ် လူငယ် ၂ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး အိုးအိမ်အများအပြားပျက်စီးသွားခဲ့သည်ဟု KNU (ဗဟို)က သတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ဇူလိုင်လ(၂၅)ရက်နေ့ တစ်ရက်တည်းမှာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာများတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး စုစုပေါင်း(၂၇၄)လုံး ပစ်ခတ်ခဲ့ပြီး လေကြောင်းကနေဗုံး(၆)လုံး ကြဲချခဲ့သည်ဟုကေအဲန်ယူ(ဗဟို)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
၎င်းအပြင် ဇူလိုင်လ (၂၇) ရက်နေ့ကလည်းအပြစ်မဲ့ဒေသခံပြည်သူ(၁)ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ဖော်ပြထားသည်။
သတ်ဖြတ်ခံရသူမှာရှမ်းချောင်းကျေးရွာမှ ကိုတင်ကို ဖြစ်ပြီးအာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ ခလရ-၆၀မှ ပြည်သူ့စစ်တစ်ဦးကသေနတ်ဖြင့်အကြောင်းမဲ့ပစ်ခတ်သတ်သွားခဲ့သည်ဟု ဆိုသည်။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်နဲ့ကျိုက်ထိုမြို့နယ်တို့ကိုလည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးနှင့်လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် (၁၅) နှစ်အရွယ်လူငယ် (၂) ဦးသေဆုံးရပြီးနေအိမ် (၅) လုံးပျက်စီးခဲ့သည်ဟုဖော်ပြထားသည်။
သေဆုံးသူလူငယ် ၂ ဦးမှာ ကျိုက်ထိုမြို့နယ်၊အလူးကျေးရွာအုပ်စု၊ အလူးလေးအရှေ့ရွာလေး ရွာက နော်ခင်နန်းမွေး (၁၅)နှစ်မှာ လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ရသလိုကျိုက်ထိုမြို့နယ်၊သုံးခွရွာက စောသိန်းထူး (၁၅)နှစ်) လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ရသည်ဟုသိရှိရသည်။