၇ခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်ပြီးခဲ့သည့် မေလ ၁၄ရက်နေ့က တိုက်ခေတ်ခဲ့သည့် မိုခါ ဆိုင်ကလုန် မုန်တိုင်းကြောင့် အိမ်ခြေ ၂သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ကျွဲ၊ နွားနှင့်တခြားအိမ်မွေးတိရိစ္ဆာန် ၃ထောင်ခန့် သေဆုံးခဲ့သည်ဟုပေါက်တောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်က နိရဉ္စရာကိုပြောသည်။
“ ၇၀ ရာခိုင်နှုန်းလောက် အိမ်တွေ အမိုးတွေတော်တော်ပျက်စီးသွားတယ်။ ဆေးရုံ၊ ရုံးအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ အကုန်လုံးလိုလိုပျက်စီးသွားတယ်။ နောက်ပြီးတော့ နယ်တွေမှာ ကျွဲ၊ နွား၊ ဝက်တွေ တော်တော်ဆုံးရှုံးသွားတယ်။ လူတွေကတော့ အသေအပျောက် လွတ်တယ်။ တစ်ရွာလုံးပါသွားတဲ့ ရွာလည်းရှိ တယ်။ ရေကန်တွေလည်းရေနစ်မြုပ်သွားလို့ လူတွေက တော်တော်အခက်အခဲ ဖြစ်နေကြတယ်။” ဟုသိ၇သည်။
ပေါက်တာမြို့နယ်တွင် အိမ်ခြေ ၃သောင်းကျော်ရှိသည့်အနက် မုန်တိုင်းကြောင့်အိမ်ခြေ ၂သောင်းကျော် ပျက် စီးခဲ့သည့်အပြင် ဆားငံရေများဖုံးလွှမ်းသွားသည့် ကျေးရွာအများအပြားတွင်သောက်ရေအတွက် အလွန်အခက်အခဲဖြစ်နေကြသည်ဟု ၎င်းက ပြောဆိုသည်။
ထောင်နှင့်ချီသည့် ကျွဲ၊နွားများသေဆုံးသွားသည့်အတွက်လယ်သမားများမှာ ထွန်ယက် စိုက်ပျိုးရန် အခက်အခဲ ရှိနေကြာင်းလည်း သူကဆက်ပြောသည်။
“ အရင်ဆိုရင် လယ်ထွန်တာကို စက်နဲ့ ထွန်တယ်။ စက်နဲ့ထွန်ဖို့အတွက် စရိတ်စကတွေကလိုက်မမှီကြဘူး။ အခုက ကျွဲ၊ နွားတွေနဲ့ ထွန်ယက်တဲ့ စနစ်တွေကို မနှစ်ကတည်းကနေ စလုပ် နေကြတယ်။ အခုက ကျွဲနွားတွေ မရှိရင် လယ်သမားတွေက အများကြီးအခက်အခဲဖြစ်မှာပေါ့။ စိုက်ပျိုးရေးမှာ တော်တော်အခက်အခဲဖြစ်မယ်။ ” ဟုပြောသည်။
ထိုသို့ ပျက်စီးသွားသည့် အိုးအိမ်များကို ပြန်လည်ထူထောင်ရန်အတွက်ဒေသခံများမှာ အရေးပေါ်ကူညီ ကယ်ဆယ်ရေးများကိုသာ မျှော်လင့်နေကြသည်ဟု ပေါက်တောမြို့၊ ရပ်ကွက် (၃)တွင်နေထိုင်သည့် ကိုကျော်ကျော်ခိုင်ကနိရဉ္စရာကို ပြောသည်။
“ အဓိက ချွတ်ခြုံကျသွားကြတာပေါ့။ နဂိုကတည်းကနေ တစ်မြို့နယ်လုံးအရဆိုရင် ဆင်းရဲကြတဲ့သူတွေကများတယ်။ တတ်နိုင်တဲ့သူတွေက နည်းတယ်လေ။ အိမ်တွေပျက်သွားတော့ပြန်လည်း မဆောက်နိုင်ကြ။ မိုးကလည်းရွာတော့ မအိပ်ဘဲ ထိုင်နေရတာမျိုးတောင်ရှိတယ်။ငတ်နေတဲ့ သူတွေတောင်ရှိတယ် ” ဟုပြောသည်။
ယနေ့တွင် ရခိုင်ပြည်နယ်အစိုးရက ပေါက်တောမြို့ပေါ်ရှိမြို့ပေါ်ရပ်ကွက် ၂ခု နှင့် ကျေးရွာတစ်ချို့တွင် ဆန်အိတ် ၉၀၀ ကျော်ကိုဝေငှပေးခဲ့သည့်သော်လည်း၊ လောက်ငှမှုမရှိသည့်အတွက်ကြောင့် လောက်ငှအောင်ထောက်ပံ့ပေးရန်ဒေသခံများက ထပ်မံတောင်းဆိုထားသည်ဟုလည်းသိ၇သည်။
ပေါက်တောမြို့နယ်တွင် ကျေးရွာအုပ်စု၅၈အုပ်စုနှင့် ကျေးရွာပေါင်း ၁၇၅ ရွာရှိပြီး၊ မြို့နယ် အတွင်းရှိလူဦးရေ ၂သိန်းကျော်မှာ လက်ရှိအချိန် စားသောက်နေထိုင်ရေးအတွက်အလွန်အခဲဖြစ်နေကြသည် ဟုသိ၇ သည်။