တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁ဝဝ ကျော်အနက် ၃ဝ ကျော် ပြန်မဖွင့်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့သည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံး ၁ဝဝ ကျော်အနက် ၃ဝ ကျော်ကို ပြန်မဖွင့်နိုင်သေးဟု ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပျက်စီးသွားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများအနက် ဇူလိုင်လ ၂၁ ရက်အထိ အလုံးရေ ၇၀ ကျော်ကို ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး ကျန်အလုံး ၃ဝ ကျော်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "ကျနော်တို့က ဟိုတယ်နဲ့တည်းခိုရိပ်သာတွေကို မုန်တိုင်းအပြီး တစ်ပတ်အတွင်းမှာ ဖွင့်လှစ်နိုင်အောင် ရည်မှန်းချက်နဲ့ပြန်လည်ထူထောင်ရေးတွေ အပြီးလုပ်တာ။ ဘာလို့ဆို ရခိုင်မှာ ခရီးသွားတွေနဲ့ ရခိုင်ဒေသမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လာရောက်လုပ်ကိုင်သူတွေ တည်းခိုနိုင်ရန်အတွက် ဖွင့်လှစ်ရတာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ထပ်မဖွင့်ရသေးတဲ့ ဟိုတယ်တွေလည်းရှိသေးတယ်" ဟု ပြောသည်။

ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်ဟိုတယ်နှင့် တည်းခိုရိပ်သာများနှင့် ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။

ဖွင့်လှစ်နိုင်သည့်တည်းခိုခန်းများအနက်တစ်ခုအပါအဝင်ဖြစ်သော ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ရှိ ရီပြာလှိုင်းတည်းခိုရိပ်သာဆိုလျှင် ဇူလိုင်လ ဒုတိယပတ်ခန့်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားမှုအားလုံးကို လုပ်သားအင်အားနှင့် လျှပ်စစ်မီး အခက်အခဲများကြောင့် အချောမပြင်နိုင်သေးဟု ပိုင်ရှင် ဦးအေးလှိုင်က နိရဥ္စရာကို ပြောသည်။

“ရှေ့မျက်နှာစာတွေ၊ မှန်ဘောင်တွေ၊ အဲယားကွင်းတွေ၊ မီးလိုင်းတွေ အကုန်ပျက်စီးသွားတယ်။ အခုတောင်မှ မျက်နှာစာတွေ၊ မှန်ဘောင်တွေကို လုပ်လို့မရနိုင်သေးဘူး။ ဆေးတွေဘာတွေလည်း မသုတ်နိုင်သေးဘူး။ အဖြူထည်သက်သက်ပဲရှိသေးတယ်”ဟု ပြောသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ အေးသာယာဟိုတယ်တွင်ဆိုလျှင် မုန်တိုင်းပြီးနောက် ဇွန်လ ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်ဟု လက်ထောက်မန်နေဂျာ ကိုမောင်ကျော်ဇောက နိရဥ္စရာကိုပြောသည်။

“အပေါ်ဆုံးအထပ် မီတင်တွေလုပ်တဲ့အထပ်က တစ်ခုမှ မရလိုက်ဘူး။ အားလုံး ပြိုသွားတယ်။ ပြီးတော့ အစားအသောက်ရုံတွေလည်း အားလုံးပျက်စီးသွားတယ်။ ခုတော့ ပြန်ဖွင့်ထားပါပြီ”ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က ရခိုင်သို့ဝင်ရောက်တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်တစ်ပြည်လုံးတွင် လူပေါင်း ၁၅၀ နီးပါးသေဆုံးပြီး ဟိုတယ်နှင့် တည်းခိုခန်းများအပါအဝင် နေအိမ်အဆောက်အအုံပေါင်း သိန်းနှင့်ချီ ပျက်စီးသွားခဲ့ရသည်။

ဆည်မြောင်းတာတမံများကျိုးပေါက်ကာ ရေတွင်းရေကန်များသို့ ဆားငန်ရေများဝင်ရောက်ပျက်စီးသွားခဲ့သလို ကျွဲ၊ နွားတိရစ္ဆာန်များလည်း သောင်းနှင့်ချီ သေဆုံးခဲ့ရသည်။ (NN-16)


ဓာတ်ပုံ - စစ်တွေဟိုတယ်အားတွေ့ရစဥ်။

ဆက်စပ် သတင်းများ