သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် AA နှင့်ဆက်စပ်သံသယဖြင့်တရားစွဲခံထားရသူ ၁ဝဝ ကျော် မလွတ်မြောက်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

(ကျန်နေသူများကိုလည်း အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို)

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၁ဝဝ ကျော် ကျန်နေသေးပြီး သူတို့ကိုလည်း အမြန်ဆုံးလွှတ်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် သံတွဲစသည့်မြို့နယ်များတွင် AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီး တရားစွဲခံနေရသူ ၁ဝဝ ကျော်ရှိနေသေးပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရ၍ အမြန်ဆုံးလွှတ်ပေးရန် လိုအပ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကိုပြောသည်။

လွှတ်ကို လွှတ်ပေးရမယ်။ ကျန်တဲ့ လွှတ်ပေးလို့ရှိရင် လူ့အခွင့်အရေးချိုးဖောက်တာ။ သူတို့လည်း ပုဒ်မတူ၊ အမှုတူ ကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေပါ။ သူတို့လည်း တန်းတူအခွင့်အရေးရသင့်ပါတယ်။  သူတို့ကိူ မလွှတ်ပေးသရွေ့၊ ချုပ်ထားသရွေ့ကာလပတ်လုံး မတရားဖမ်းဆီးချုပ်နှောင်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောချင်တယ်ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း အပြစ်မဲ့ပြည်သူ ၆ဝဝ ခန့်ရှိသည်ဟု ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင်ပြုလုပ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) သတင်းစာ ရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ထည့်သွင်းပြောဆိုသွားခဲ့သည်။

၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် စစ်ကောင်စီနှင့် AA နှစ်ဘက် အပစ်ရပ်ပြီးနောက် ဖေဖော်ဝါရီလ အထိ ၃၉၁ ဦးသာ လွတ်မြောက်ခဲ့ပြီး ၂ဝ၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဟု ဦးခိုင်သုခက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်တွင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပေးလိုက်ရာ ရခိုင်မှ AA နှင့်ဆက်စပ်သံသယဖြင့် အမှုရင်ဆိုင်နေရသူ ၆၂ ဦးအထိ လွတ်မြောက်ခဲ့သည်။

သို့သော် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ ၁၇(၂)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(က)၊ ၅ဝ၅(ခ)နှင့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅-က တို့ဖြင့် နောက်ထပ် လူဦးရေ ၁ဝဝ ကျော် တရားစွဲခံနေရဆဲဟု သိရသည်။

ဆက်စပ် သတင်းများ