Preview

ရခိုင်ငှက်သိုက်လုပ်ငန်းကုန်ကြမ်းအဖြစ်သာထုတ်လုပ်နိုင်သေး၍ ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန် နည်းပညာအကူညီများလိုအပ်နေ

သြဂုတ် ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :6993
ရခိုင် သတင်း

၇ခိုင်ပြည်နယ်တွင် ဇီ၀ဇိုးငှက်မွေးမြူရေးနှင့်သဘာ၀ငှက်သိုက်လုပ်ငန်းများကို စတင် လုပ်ကိုင်လာနေကြသော်လည်းထွက်ရှိလာသည့်ငှက်သိုက်များကို ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်သေးပြီး ကုန်ချောအဖြစ်ထုတ်လုပ်လာနိုင်ရန် အကူညီများစွာ လိုအပ်နေကြောင်းလုပ်ငန်းရှင်များက ပြောသည်။

ငှက်သိုက်များကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန်အစိုးရ၏ပံ့ပိုးမှုအပြင် နည်းပညာ အကူအညီများလည်း လိုအပ်နေကြောင်း ငှက်သိုက်လုပ်ကိုင်နေသူများက ပြောသည်။

"ကျွန်တော်တို့က ငှက်သိုက်ကို ကုန်ကြမ်းအတိုင်းပဲ ပြန်ရောင်းနေရဆဲအခြေအနေပေါ့။ပလတ်စတစ် ဗူးလေးတွေတွေနဲ့ တကျပ်သား၊ နှစ်ကျပ်သားပေါ့။ အော်ဒါမှာတဲ့သူတွေကိုပို့နေရတဲ့အခြေအနေ ရှိတယ်။ ရခိုင်တပြည်နယ်လုံးအတိုင်းအတာနဲ့ ကုန်ချောအဖြစ်ထုတ်နိုင်ရင်တော့ပိုကောင်းမှာပေါ့။ ဒါကလည်း အကူညီတွေအများကြီးလိုအပ်နေပါသေးတယ်" ဟု ကျောက်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်ရှိ KSW သဘာ၀ငှက်သိုက်လုပ်ငန်းရှင်ဦးကျော်စွာဝင်းက နိရဥ္စရာသို့ပြောသည်။

ကျောက်ဖြူမြို့တွင် KSW အပါအဝင်နှင်းတောင်စသည့် ဇီ၀ဇိုးငှက်မွေးမြူရေးလုပ်ငန်း ၄ ခုထိရှိပြီး တချို့မှာလွန်ခဲ့သည့် ရ နှစ်ခန့်ကပင် စတင်လုပ်ကိုင်လာခြင်းဖြစ်ကြောင်းသိ၇သည်။




သို့သော်လည်း ယင်းလုပ်ငန်းများတွင် နှင်းတောင်ငှက်သိုက်လုပ်ငန်းကသာငှက်သိုက်ရည်ပုလင်း တမျိုးထုတ်လုပ်နိုင်ပြီး ကျန်လုပ်ငန်းများမှာငှက်သိုက်ကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန် အကူညီများလိုအပ်နေဆဲဖြစ်ကြောင်းလုပ်ငန်းရှင်များက ပြောသည်။

ကျောက်ဖြူမြို့ရှိ ငှက်သိုက်လုပ်ငန်း ၄ ခုအနက် KSW သဘာ၀ငှက်သိုက်လုပ်ငန်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

လက်ရှိ သုံးနှစ်တာကာလအတွင်း ဇီ၀ဇိုးငှက် ကောင်ရေ ၆၀၀ နှင့် ၇၀၀လာရောက် နေထိုင်ကြပြီး  သုံးလတစ်ကြိမ်စီ ငှက်သိုက်တစ်ပိဿာနှုန်းနီးပါးရရှိနေကြောင်းသူက ဆက်ပြောသည်။

လုပ်ငန်းမှထွက်ရှိလာသည့် သဘာ၀ငှက်သိုက်ကုန်ကြမ်းများမှာ ကျောက်ဖြူမြို့ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းဈေးကွက်များတွင် တကျပ်သားကို ၄သောင်းကျပ်ဈေး ပေါက်နေပြီး တစ်ပိဿာ၏ ကာလတန်ဖိုးမှာ ကျပ်သိန်း ၄၀ခန့်အထိရှိကြောင်း ဦးကျော်စွာဝင်းက ပြောသည်။

ငှက်မွေးမြူရေးလုပ်ငန်းရှင်များမှာ သဘာ၀အတိုင်းသွားလာကျက်စားနေသည့်ဇီ၀ဇိုးငှက်များအား ၄င်းတို့လာရောက်နေထိုင်နိုင်ရန် အဆင်သင့်လုပ်ထားသည့်အခန်းတစ်ခုအတွင်း စက်ကိရိယာများ တပ်ဆင်၍ အသံစနစ်ဖြင့် ခေါ်ယူမွေးမြူကာ ငှက်သိုက်များကိုထုတ်ယူနေခြင်းဖြစ်သည်။

ဦးကျော်စွာဝင်းက "ကျွန်တော်တို့၇ခိုင်ဒေသကပင်လယ်နားဒေသဖြစ်တော့ ဇီ၀ဇိုးငှက်တွေက သဘာ၀အတိုင်းရှိနေကြတယ်။ သူတို့ကိုကျွန်တော်တို့က အခန်းလွတ်တစ်ခုပေါ့။ သူတို့နေထိုင်နိုင်မယ့် အခန်းတစ်ခုအရင်ဖန်တီးပေးရတယ်။ ပြီးတော့ အဲဒီမှာ သူတို့နေထိုင်နိုင်ဖို့ အခင်းကျင်းတွေ ဆင်ပေးရတယ်။သူတို့လာအောင် စက်တွေနဲ့ ငှက်သံတွေပေးပြီးခေါ်ရတယ်။ လာနေတဲ့ငှက်တွေကငှက်သိုက်တွေထုတ်တယ်။ အဲဒီလိုမျိုးပေါ့" ဟု ပြောသည်။

အဆိုပါ ပြင်ဆင်ထားသော ကွန်ကရစ်အခန်းတွင်ငှက်များခြေကုပ်နေထိုင်နိုင်ရန် မျက်နှာကြက်များတွင် သစ်သားများတပ်ဆင်ပေးထားရကြောင်းလည်း သူကပြောသည်။

ငှက်ခေါ်အသံစနစ် စက်ကိရိယာ၊ ရေငွေ့ပေးစက်၊အခန်းအပြင်ဆင်များအားလုံးကို ကျပ်သိန်း ၁၀၀ ကျော်ခန့်ကုန်ကျခံတပ်ဆင်ပြီး ၄င်း၏ငှက်မွေးမြူရေး လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်စွာဝင်းက ပြောသည်။

ပင်လယ်ကမ်းရိုးတစ်ခုဖြစ်သည့်၇ခိုင်ဒေသသည်လည်း ဇီ၀ဇိုးငှက်များကျက်စားနေထိုင်လေ့ရှိသည့် ဒေသဖြစ်သည့်အတွက် သဘာ၀ငှက်သိုက်လုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လာခြင်းဖြင့် ဒေသတွင်စီးပွားရေးများကောင်းမွန်လာနိုင်ကြောင်း ဦးကျော်စွာဝင်းက ဆက်ပြောသည်။

"ဒီငှက်သိုက်လုပ်ငန်းကို ဒီ့ပြင်လူတွေလည်း မွေးမြူစေချင်တယ်။ရခိုင်က တခြားမြို့နယ်တွေမှာလည်း ဒီငှက်တွေရှိကြပါတယ်။ရခိုင်မြို့နယ်တိုင်းမှာလိုလို ရှိကြတာပါ။ သူ့ကို သီးသန့်အဆောက်အဦ ဆောက်ပြီးတော့မွေးမယ်ဆိုရင်တော့ အခုကာလအဆောက်အဦကုန်ကျစရိတ်က သိန်းထောင်ချီ သွားမှာပေါ့။ဒါပေမယ့် ရှိပြီးသားအဆောက်အဦတွေ၊ အသုံးမပြုတဲ့အထပ်တွေမှာ ဒီလုပ်ငန်းကို လုပ်လာကြမယ်ဆိုရင်ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ ဝင်ငွေတိုးလာမှာတော့သေချာတယ်" ဟု သူကပြောသည်။

ဇီ၀ဇိုးငှက်များသည် အသိုက်ကို ဂူနံရံများ၊ကျောက်ဆောင်မြင့်များတွင်တည်ဆောက်လေ့ရှိပြီး အသိုက်ကိုအန်ဖတ်ဖြင့်ပြုလုပ်လေ့ရှိရာထိုအသိုက်ကို ငှက်သိုက်ဟု ခေါ်ကြခြင်းဖြစ်သည်။

အဆိုပါငှက်သိုက်တစ်ခု၏အရွယ်အစားမှာ ကန့်လန့်ဖြတ်အားဖြင့် ၂လက်မမှ ၃ လက်မထိရှိ၍ စောက် ၁ လက်မရှိပြီး ဧပြီလလယ်လောက် ဥဥချိန်တွင်အသိုက်တစ်မြုံလျှင် ဥနှစ်လုံးစီရှိကြောင်း သိရသည်။

ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကိုငှက်သိုက်ပေါင်း ကျွေးခြင်းဖြင့် အားအင်ပြန်လည်ပြည်ဖြိုးစေကြောင်း သိ၇သည်။

အဆိုပါသဘာ၀ ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်၀ပြီးအာဟာရဓာတ်များစွာပါဝင်သောကြောင့် ခေတ်မီနည်းနှင့် သန့်စင်ထားသောငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြားပစ္စည်းများနှင့် ပေါင်းစပ် သောက်ခြင်းဖြင့်အဆုတ်ကို အားကောင်းစေသလို ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေးရောဂါများကိုလည်းသက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိ၇သည်။

ဇီ၀ဇိုးငှက်ကို အပူပိုင်းဒေသကျွန်းစုနှင့်ပင်လယ်ကမ်းရိုးတန်းများတွင်တွေ့ရပြီး မြန်မာနိုင်ငံတွင် ပုသိမ်အနောက်ဘက်ကမ်းခြေအလွန်ရှိ ကျွန်းများ၊ တနင်္သာရီကမ်းခြေနှင့် မြိတ်ကျွန်းစုတို့တွင်အနှံ့အပြားတွေ့ရကြောင်း သိရသည်။

ငှက်သိုက်များသည် ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါတင်ပို့ရောင်းချနေရသည့်အတွက် နိုင်ငံခြားဝင်များလည်းရရှိစေသည့်သဘာ၀ဇီ၀သယံဇာတများဖြစ်ကြောင်း သိ၇သည်။ 

ဓာတ်ပုံ - KSW သဘာ၀ငှက်သိုက်လုပ်ငန်း၏ငှက်မွေးမြူထားသည့်အခန်းကိုတွေ့၇စဉ်/ ပေးပို့

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.