Preview

၇ခိုင်တွင် ကျောင်းသူ ၈ သောင်းကျော်ကိုအခမဲ့ထိုးပေးမည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စိတ်ချလက်ချ ထိုးကြရန် တိုက်တွန်း

စက်တင်ဘာ ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :6756
ရခိုင် သတင်း

၇ခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်းကျောင်းသူ ၈ သောင်းကျော်ကို အခမဲ့ထိုးပေးမည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည်သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်သလို ဆိုးကျိုးများမရှိသည့်အတွက်စိတ်ချလက်ချထိုးနှံကြရန် ပုဏ္ဏားကျွန်းမြို့၊ ပြည်သူ့ဆေးရုံကြီးမှဒေါက်တာ အောင်စစ်ထွန်းက တိုက်တွန်းလိုက်သည်။

"ဒီကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆိုးကျိုးကိုတော့မတွေ့၇ပါဘူး။ ပြီးခဲ့တဲ့၂၀၂၀ တုန်းကလည်း မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းလုံးမှာ ကလေးတွေကို ကျနော်အပါအဝင် ဆရာဝန်တွေကသန်းနဲ့ချီပြီး ထိုးခဲ့ဖူးတာအတွေ့အကြုံအ၇ ဒီဆေးကို မည်သည့်ဆိုးကျိုးမှမတွေ့၇တာကြောင့် ထိုးသင့်တယ်လိုမြင်ပါတယ်"ဟု ပြောသည်။

၇ခိုင်မှ အခြေခံပညာကျောင်းများရှိအသက် ၉ နှစ်နှင့် ၁၂ နှစ်ကြား ကျောင်းသူမိန်းကလေးငယ် ၈ သောင်းကျော်ကိုလာမည့်စက်တင်ဘာလ ၁၈ ရက်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအခမဲ့ထိုးပေးသွားမည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိ၇သည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည်အမျိုးသမီးအများစုတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါတစ်ခုဖြစ်ပြီး အထူးသဖြင့်အရွယ်မရောက်မီ လိင်ဆက်ဆံခံရသူများ၊ အရွယ်မရောက်မီအိမ်ထောင်ပြုသူများနှင့်အိမ်ထောင်ဆက်များသည့် အမျိုးသမီးများတွင် ပိုမိုအဖြစ်များလေ့ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိ၇သည်။



ဒေါက်တာအောင်စစ်ထွန်းက "ဒီသားအိမ်ခေါင်းကင်ဆာရောဂါဟာ အမျိုးသမီးအများစုမှာ ဖြစ်တတ်တာကြောင့် မဖြစ်မနေကာကွယ်ဆေးထိုးသင့်ပါတယ်။ ကာကွယ်ဆေးမှာ HPV ဗိုးရပ်စ် ပိုးအမျိုးမျိုးရှိပါတယ်။ အဓိကရောဂါဖြစ်စေတဲ့ ၄ မျိုးကို ကာကွယ်နိုင်ပြီး သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကို ၉၅ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်" ပြောပါတယ်။

မိန်းကလေးငယ်များကို အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် Human Papilloma Virus (HPV) ဗိုင်းရပ်(စ်)ပိုးနှင့်စတင်ထိတွေ့ခြင်းမရှိမီ အချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်၍ သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားခြင်းကို ၈၃ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိ၇သည်။

အရွယ်ရောက်ပြီးအမျိုးသမီးများတွင်သားအိမ်ခေါင်းကင်ဆာရောဂါမဖြစ်မီ ပြတတ်သော လက္ခဏာများမှာ အမျိုးသားနှင့်အတူနေချိန်သွေးဆင်းခြင်း၊ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းခြင်း၊သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းချိန်သွေးစပါလာခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ အမျိုးသားနှင့်အတူနေစဉ် မိန်းမကိုယ်နာကျင်ခြင်း စသည်တို့ဖြစ်ကြောင်း သိ၇သည်။

အဆိုပါကာကွယ်ဆေးတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကိုပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

၇ခိုင်တွင်မူစက်တင်ဘာလ ၁၈ ရက်မှ ကျောင်းအခြေပြုထိုးနှံမည်ဖြစ်ပြီး အောက်တိုဘာလတွင်မူကျောင်းပြင်ပမှ မိန်းကလေးငယ်များကို ဆက်လက်ထိုးနှံပေးသွားရန်အစီအစဉ်ရှိသည်ဟုလည်းသိ၇သည်။

ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌဒေါ်စောစံငြိမ်းသူက ယခုကာကွယ်ဆေးကို ကျောင်းသူများကို အရင်ဆုံးထိုးပေးသည်ထက်မိဘများကို ကြိုတင်အသိပညာပေးဟောပြောပြပြီးမှ မိဘများကနားလည်သဘောပေါက်လက်ခံမှသာလျှင် ကျောင်းသူများကို ဆက်လက်ထိုးနှံပေးသင့်သည်ဟုထောက်ပြပြောဆိုသည်။

ကျမမြင်တာက အဓိကတော့ကျောင်းသူမိဘတွေကို အသိပညာပေးမှု Awareness လုပ်ပေး၇ဦးမယ်လို့ ထင်ပါတယ်။ ဒီအတိုင်းလာပြီးတော့ထိုးတယ်၊ သားအိမ်ခေါင်းကင်ဆာကာကွယ်တယ် စသဖြင့် အဲလိုလာထိုးတယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့လေ။ အသိပညာပေးကိုကျောင်းသား၊ ကျောင်းသူမိဘတွေကို အရင်ဆုံး ချပြဖို့လိုတယ်လို့ထင်ပါတယ်။ ပြီးတော့မှအဲဒီကျောင်းသူ၊ ကျောင်းသားမိဘတွေကိုယ်တိုင်က လက်ခံနိုင်တဲ့အနေအထားမျိုးရှိမှဒါဟာ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဖြစ်တယ်။ မဖြစ်မနေ လက်ခံပေး၇မဲ့ အခြေအနေမျိုး ဖြစ်တယ်ဆိုတဲ့ သဘောတူညီမှုနဲ့မှသာထိုးသင့်တယ်လို့ ထင်ပါတယ်ဟုပြောသည်။

အဆိုပါကာကွယ်ဆေးထိုးနှံမည့်ကိစ္စနှင့်ပတ်သက်ပြီးအသိပညာပေးဟောပြောပွဲတစ်ခုကိုလည်း ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိမြို့တော်ခန်းမတွင် စက်တင်ဘာလ ၁၅ ရက်၊ နေ့လယ်က မြို့နယ်ကျန်းမာရေးဦးစီးဌာနကပြုလုပ်ခဲ့သေးသည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသူမိဘများ၊အမျိုးသမီးများ၊ အမျိုးသမီးခေါင်းဆောင်နှင့် မြို့နယ်ကျန်းမာရေးဌာနမှတာဝန်ရှိသူများ စုစုပေါင်း အင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ကမ္ဘာတစ်ဝန်းတွင်သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်း၌ ၁၃ ဒသမ ၃ ဦးရှိပြီး ရောဂါကြောင့် သေဆုံးမှုမှာ ၆ ဒသမ ၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိ၇သည်။ (NN-16,NN-10)

 

Photo - Ministry of Health, Myanmar

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.