Preview

မြောက်ဦးတွင် ၃နှစ်အရွယ်သားဖြစ်သူ ဆေးကုသစရိတ်အတွက် မွေးကင်းစသမီးငယ်ကို ရောင်းချရန် မိဘများစီစဉ်ခဲ့မှု လူမှုအဖွဲ့အစည်းတစ်ခုကြားဝင်ဖြေရှင်းခဲ့၍ ပြေလည်မှုရ

စက်တင်ဘာ ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :2347
ရခိုင် သတင်း

မြောက်ဦးမြို့တွင် ၃နှစ်ခွဲအရွယ်ကလေးငယ်၏ ခွဲစိတ် ကုသစရိတ်အတွက်ငွေကြေး အခက်အခဲရှိနေ၍ မိဘများကမွေးကင်းစ ရက်ပိုင်းသာ ရှိသေးသည့်သမီးငယ်အား ရောင်းချရန် စီစဉ်ခဲ့ရာ စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုက ကြားဝင်ဖြေရှင်းခဲ့၍ ကလေးငယ်အား ရောင်းချမဖြစ်တော့ဘဲ ပြေလည်မှု ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

လက်ရှိတွင် မြောက်ဦးဆေးရုံကြီး၌ ကျောက်ကပ်ရောဂါဖြင့်ဆေးကုသမှုခံယူနေရသည့် လေးမြို့ချောင်းဒေသ မော်ရွာဟောင်းကျေးရွာမှမောင်အောင်ခိုင်လင်း (၃ နှစ်နှင့် ၅ လ) အတွက် ခွဲစိတ်ကုသရမည့် စရိတ် မတတ်နိုင်သဖြင့် မိဘနှစ်ပါးက မွေးကင်းစ ကလေးငယ်အား ကျပ်သိန်း ၂၀ ခန့်ဖြင့် လဲလှယ်ရောင်းချရန် စီစဉ်မိခဲ့ကြောင်း  မိသားစုဝင်များထံမှသိရသည်။

မောင်အောင်ခိုင်လင်း၏ဦးလေးဖြစ်သူက "ကလေးက ကျောက်ကပ်ရောဂါဖြစ်နေတာပါ။ခွဲစိတ်ကုသရမယ်လို့ဆရာဝန်တွေကပြောတော့ မိဘတွေမှာကလည်း ငွေကြေးမရှိဘူး။သူတို့လည်း ကြံရာမ၇ဖြစ်ပြီး အပူတပြင်းနဲ့ သိပ်မကြာခင်ကမှမွေးထားတဲ့ကလေးကို မွေးစားချင်တဲ့ မိသားစုကိုငွေ သိန်း ၂၀နဲ့ ပေးဖို့စီစဉ်ကြတယ်။ မွေးစားချင်တဲ့မိသားစုကဆေးကုသစရိတ်ပေးရမယ့်ပုံစံမျိုးနဲ့ပေါ့" ဟု နိရဉ္စရာသို့ပြောသည်။

၎င်းကလေးငယ်ကို မွေးစားရန်ကမ်းလှမ်းခဲ့သည့်မိသားစုနှစ်စုခန့်ရှိခဲ့ပြီးနောက်  ကလေးငယ် ဆေးကုသစရိတ်အတွက်အလှူရှင်တချို့ ပေါ်ပေါက်လာ၍ တခြားမိသားစုသို့ ငွေဖြင့် လဲလှယ်ရောင်းချမည့် အစီစဉ်ကိုဖျက်လိုက်ကြောင်း၎င်းက ပြောသည်။

“ မနေ့ကစစ်တွေမြို့မှ ပရဟိတသမား စာရေးဆရာဝေဟင်အောင်က မောင်အောင်ခိုင်လင်းဆေးကုသစရိတ်အတွက် ကျပ်ငွေ ၂၅ သိန်းခန့် မိသားစုကိုထောက်ပံ့ပေးခဲ့တဲ့အတွက် မွေးကင်းစ ကလေးငယ်ကို ငွေနဲ့ လဲလှယ်ရောင်းချမယ့် အစီအစဉ်ပျက်သွားပါတယ်။မနက်ဖြန် စက်တင်ဘာလ ၂၄ ရက်၊ နံနက်မှာတော့ မောင်အောင်ခိုင်လင်းကို ဆေးကုသမှုခံယူဖို့ ရန်ကုန်ကို ယူဆောင်မှာဖြစ်ပါတယ်”ဟု ပြောသည်။

မောင်အောင်ခိုင်လင်းမှာလွန်ခဲ့သည့်နှစ်ပတ်ကျော်ခန့်က ရုတ်တရက်အပြင်းဖျား၍ မြောက်ဦးဆေးရုံကြီးသို့တင်ခဲ့ရပြီးကျောက်ကပ်ရောဂါဖြစ်နေမှန်းသိရှိခဲ့ရကြောင်း မိသားစုများက ပြောသည်။

မောင်အောင်ခိုင်လင်း၏ ဦးလေးဖြစ်သူက"ကလေးဆေးရုံတက်နေ၇တာကတော့ ၁၄ ရက်လောက်ရှိပါပြီ။ အပြင်းဖျားပြီးတော့ဆေးရုံတင်လိုက်ရတာ။ ကျောက်ကပ်အလုပ်မလုပ်ဘူးလို့ ဆရာဝန်တွေကပြောတယ်။ဆီးကိုလည်း ပိုက်နဲ့စွန့်ရတယ်။ သတိတော့ ရပါတယ်" ဟု ပြောသည်။

မောင်အောင်ခိုင်လင်းတွင်မွေးချင်းမောင်နှစ်မ ရ ဦးခန့်ရှိပြီး ၄င်းမှာ ၆ ဦးမြောက်သားဖြစ်ကာ မွေးစားဖို့ ရောင်းချရန်စီစဉ်မိခဲ့သည့်ကလေးငယ်မှာအငယ်ဆုံးမိန်းကလေးဖြစ်ကြောင်း သိ၇သည်။

သူမကိုစက်တင်ဘာလ ၁၄ ရက်က မြောက်ဦးဆေးရုံကြီးတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းပိုင်းနောက်ပိုင်း ပြည်သူများမှာအထူးကျပ်တည်းနေကြပြီး အလုပ်အကိုင်ရှားပါးမှုနှင့် အတူတချို့ကျေးရွာများတွင် အိမ်ပြန်မဆောက်နိုင်သူများ၊ ထမင်းကို နပ်မှန်မစားနိုင်သူများရှိနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

 

ဓာတ်ပုံ- ပေးပို့

#မြောက်ဦး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.