Preview

စစ်ကောင်စီ၏ မြန်မာနိုင်ငံမှ ခရီးသွားများ ဦးစားပေးလည်ပတ်သင့်သောနေရာများအထဲမှ ရခိုင်ရှေးဟောင်းမြို့တော်မြောက်ဦးချန်လှပ်ခံရ

စက်တင်ဘာ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :5937
ရခိုင် သတင်း

လာမည့်ခရီးသွားရာသီအတွက် မြန်မာနိုင်ငံရှိ ခရီးသွားများလာရောက်လည်ပတ်သင့်သော ဦးစားပေးနေရာများကို စစ်ကောင်စီက ထုတ်ပြန်ဖော်ပြရာတွင်  ရခိုင်ရှေးဟောင်းမြို့တော်  မြောက်ဦးကို  ချန်လှပ်ထားခဲ့သည်။

စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်တွင်း ပြည်ပခရီးသွားများအတွက် ဦးစားပေး သွားရောက်လည်ပတ်နိုင်သည့် ဒေသ ၁၄ ခုကို ထုတ်ပြန်ခဲ့ရာတွင်  ရခိုင်မှ ကျောက်ဖြူ၊ ငပလီ၊ မာန်အောင်မြို့တို့ ပါဝင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှုများသည့်  ရှေးဟောင်းမြို့တော် မြောက်ဦးကိုမူချန်လှပ်ထားခဲ့သည်။

ရခိုင်မှ ကျောက်ဖြူ၊ ငပလီ၊ မာန်အောင်မြို့တို့နှင့်အတူ တစ်ခြား မြန်မာနိုင်ငံမှ သွားလည်သင့်သော နေရာများအဖြစ်  နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ အင်းလေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ပူတာအို၊ ငွေဆောင်၊ ချောင်းသာတို့ကို ဖော်ပြထားသည်။

ရခိုင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးနှင့် တန်ခိုးကြီး မဟာမုနိဘုရားကိန်းဝပ်တည်ရှိရာ ကျောက်တော်ဒေသတို့သည် ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများပြားတတ်သော်လည်း ယခုခရီးစဉ် ၁၄ ခုထဲတွင် ချန်လှပ်ခံထားရသည်ကိုတွေ့ရသည်။

ယခုကဲ့သို့ ချန်လှပ်ထားခြင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် မိုခါပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး စစ်အစိုးရကို အရှက်ရစရာ ဖြစ်စေနိုင်သည့် အတွက် ချန်လှပ်ထားခြင်းဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ရခိုင်ပြည်မြောက်ပိုင်းက တိုက်ပွဲတွေ၊ စစ်ရေးတွေမငြိမ်မသက်တာကြောင့်လည်းဖြစ်နိုင်တယ်။ နောက်တစ်ခုက မိုခါပြန်လည် ထူထောင်ရေးနဲ့ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ မလုပ်နိုင်တော့ သူတို့ အရှက်ရမှာကို စိုးရိမ်ပြီး ခရီးသွားဧည့်သည်တွေလာဖို့အတွက် အဆင့်သင့်မဖြစ်သေးဘူးဆိုပြီးလုပ်တာလို့ထင်တယ်" ဟု ပြောသည်။



ယခုနှစ် ခရီးသွားရာသီတွင် မာန်အောင်ဒေသကိုလည်း ထည့်သွင်းဖော်ပြထားသည့်အတွက်ဝမ်းသာကြောင်း၊ သို့သော်လည်း လေယာဉ်ပျံသန်းခွင့်ကို ပြန်လည်ခွင့်ပြုပေးရန် လိုကြောင်းမာန်အောင်မြို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“  ခရီးသွားတွေလာရောက်လည်ပတ်သင့်တဲ့ နေရာထဲမှာ မာန်အောင်ပါလာတော့ ဝမ်းသာရပါတယ်။ တကယ်လည်း သာယာလှပတဲ့နေရာတွေပေါများတဲ့မာန်အောင်က လာရောက် လည်ပတ်သင့်တဲ့နေရာပါ။ ဒါပေမယ့် လေယာဉ်ခရီးစဉ်တွေကို ဒီနှစ်ပွင့်လင်းရာသီမှာပြန်လည်ပြေးဆွဲခွင့်ပြုသင့်ပါတယ်။ ဒီလက်ရှိ စစ်အစိုး၇ တက်လာတဲ့ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက လေယာဉ်မာန်အောင်ကို ပျံသန်းတာကို ရပ်နားထားပါတယ်။ လေယာဉ်ပြေးဆွဲမှ ခရီးသွားလုပ်ငန်းက အဆင်ပြေတိုးတက်မှာပါ” ဟု ၎င်းက ပြောသည်။

မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်ထဲမှ အလွန်လှပသာယာသော နေရာဒေသတစ်ခုဖြစ်သော်လည်း ခရီးသွားလာရေးခက်ခဲမှုနှင့် လျှပ်စစ်မီး မရရှိခြင်းတို့ကြောင့် ခရီးသွားလာသူနည်းပါးလျှက်ရှိနေသဖြင့်လမ်းပမ်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရန် ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်းဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ၇ခိုင်ပြည်နယ်အတွင်းသို့ သင်္ကြန်ကာလ ဧပြီ ၉ ရက်မှ ၁၇ ရက်အတွင်း နိုင်ငံခြားခရီးသည် ၂၆၀ ဦးနှင့် ပြည်မဘက်က ခရီးသည် ၁၅၉၁၇ ဦး လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၅၂၉၀ ဦးနှင့် နိုင်ငံခြားဧည့်သည် ၂၁ ဦး၊ သံတွဲမြို့သို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၆၁၈၆ ဦးနှင့် နိုင်ငံခြားဧည့်သည် ၂၃၉ ဦး၊ ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၃၁၉၅ ဦးနှင့် ကျောက်ဖြူသို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၁၂၄၆ ဦးအထိရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနစာရင်းအရ သိ၇သည်။

မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၇၅၁,၂၁၆ ဦး ဝင်ရောက်ခဲ့ကြောင်း သိ၇သည်။

စစ်ကောင်စီသည် ယခုနှစ် ပွင့်လင်းရာသီ ခရီးသွားကာလတွင်တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့မှခရီးသွား အများအပြားဝင်ရောက်လာမည်ဟုမျှော်လင့်ထားသည်ဟု သိရသည်။ သို့အတွက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှခရီးသွားများကိုလည်း   ဆိုက်ရောက်ဗီဇာဖြင့်ဝင်ရောက်ခွင့် ပြုပေးလိုက်ပြီဖြစ်ကြောင်း သိ၇သည်။

ဓာတ်ပုံ- မူရင်းပိုင်ရှင်ကို Credit  ပေးပါသည်။

 

#စစ်ကောင်စီ#မြောက်ဦး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.