Preview

လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်တွင် မိုးများပြီးလှိုင်းကြီးနိုင်သည့်အတွက် သတိထားကြရန်မိုးလေ၀သ ပညာရှင်ဦးဝင်းနိုင်ပြော

စက်တင်ဘာ ၃၀/ ၂၀၂၃ | ကြည့်ရှုသူ :6790
ရခိုင် သတင်း

တောင်တရုတ်ပင်လယ်ပြင်တွင် စတင်ဖြစ်ပေါ်ခဲ့သည့်လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ် အတွင်းတွင် မိုးများပြီးလှိုင်းကြီးနိုင်သည့် အတွက် သတိထားကြရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင်ဦးဝင်းနိုင်က နိရဉ္စ သတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်တွင် မိုးများပြီးလေပြင်းတိုက်ကာလှိုင်းကြီးနိုင်သောကြောင့်ငါးဖမ်းစက်လှေများအား ပင်လယ်ပြင်မထွက်ကြရန် သူက သတိပေးပြောကြားသည်။

“ ရခိုင်ပြည်နယ်ဘက်မှာလဲ မိုးများမယ်။ လေပြင်းလည်းတိုက်မယ်။ တစ်နာရီ မိုင် ၃၀ မှ ၄၀ အထိ တိုက်နိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်။ ပင်လယ်အဖွဲ့တွေအတွက် ကြိုတင်သတိပေးချက် EARLY WARNING ထုတ်ပေးထားပြီ ပင်လယ်မထွက်ဖို့၊ ထွက်တာရှိလဲ အချိန်မီပြန်ဝင်ဘို့ အသိပေးထားပြီး ပါပြီ။ လှိုင်းအမြင့်ကတော့ ၈ ပေ ၁၀ လောက်အထိ ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

မိုးဇလနှင့်မိုးလေ၀သပညာရှင်များက သတိပေးထားသော်လည်း ငါးဖမ်းလှေများပုံမှန်အတိုင်း ထွက်နေဆဲဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြင်ဖြူချိန်ကျေးရွာမှငါးဖမ်း လုပ်ကိုင်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

“ ငါးဖမ်းဘုတ်တွေကတော့ထွက်တုန်းပါဘဲ။ တစ်ချို့ကတော့လေအရမ်းပြင်းတော့ ပြန်ဝင်လာတာ ရှိတယ်။ အန္တရာယ်တော့များတာပေါ့နော်။ကျေရွာ၊ ရပ်ကွက်ထဲမှာ ကြိုတင် အသိပေးတာတော့မရှိဘူး” ဟုပြောသည်။

လက်ရှိ မိုးလေ၀သ အခြေအနေများနှင့် ပတ်သက်ပြီးယနေ့ စက်တင်ဘာ ၃၀ ရက် နံနက် ရ နာရီ အချိန် မိုးဇလ၏ ထုတ်ပြန်ချက်တွင် (ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရ)  ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့်ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း တို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဆက်လက် တည်ရှိနေကြောင်း၊  အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည်အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်း လာနိုင်ကာ နောက်(၃၆) နာရီအတွင်းအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ သို့သော်လည်း  အိန္ဒိယနိုင်ငံ၊ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသောအနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ရောက်ရှိနိုင်သည်ဟု ခန့်မှန်း၇ကြောင်း ဖော်ပြထားသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းအချိန်ကြောင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းဖော်ပြထားသည်။

ယနေ့ ညနေထိ ခန့်မှန်းမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊တနင်္သာရီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၈)ပေမှ (၁၁)ပေခန့် ရှိနိုင်ကြောင်း ဖော်ပြသည်။

ထိုင်းမိုးလေ၀သဌာန(TMD)က နောက်ဆုံးထွက်လာသည့် မိုးလေ၀သ သတင်းကို ကိုးကားပြီး ဟုမိုးလေ၀သပညာရှင်ဦးဝင်းနိုင်က ယခုလို ပြောသည်။

“ INVEST-93W က အခု လေဖိအားနည်းရပ်ဝန်းဖြစ်သွားပြီး အနောက်ဘက်ကို ဆက်ရွေ့မယ်လို့ ခန့်မှန်းထားပါတယ်။ တောင်တရုတ်ပင်လယ်ထဲကိုအားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတလုံး အနေနဲ့ အောက်တိုဘာလ ၆ ရက်- ၇ ရက်လောက်မှာ ရောက်လာမယ်။ အနောက်ဘက်ကို ဆက်ပြီးရွေ့လာမယ်လို့ ခန့်မှန်းထားပါတယ်။တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေကလဲ အနောက်ဘက်ကို ဆက်ရွေ့လာပြီး မြန်မာပြည်အရှေ့ပိုင်းကိုလေပွေလှိုင်းတခုအနေနဲ့ ဝင်လာကာ အောက်တိုဘာလ ၁၀ ရက်လောက်မှာ တဖန်ပြန်ပြီး မိုးများမဲ့အခြေအနေတွေ ဖြစ်နိုင်တာကြောင့် သတိထားစောင့်ကြည့်ပေးပါဦးမယ်။” 

ပုံစာ- စစ်တွေကမ်းခြေ (ပုံဟောင်း/နိရဉ္စရာ)

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.