ရခိုင်က နိုင်ငံရေး ပါတီ (၆) ပါတီ ပါတီမှတ်ပုံတင်လျှောက်ရာတွင်ကျန်ပါတီများအား ခွင့်ပြုပြီး ရခိုင်အမျိုးသားပါတီ(ANP) တစ်ခုတည်းကိုသာ မှတ်ပုံတင်ခွင့်ပြုရန် ကျန်နေသေးပြီး အဆိုပါ ကြန့်ကြာနေမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် (UEC)ကယနေ့ထက်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားပေးခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ANP ပါတီ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်ဦးထွန်းအောင်ကျော်က “ကျနော်တို့ ANPပါတီ ကတော့ လုပ်သင့်လုပ်ထိုက်တဲ့ဥပဒေနှင့်အညီ တင်ပြထားတယ်။တကယ်လို့ လိုအပ်တဲ့အချက်အလက်ရှိနေရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်းဘာတွေလိုအပ်ကြောင်းကို တခြားပါတီတွေကို အကြောင်းပြန်ကြားချက်တွေရှိတယ်လို့ကြားမိတယ်။ ဒါပေမယ့် ကျနော်တို့ပါတီကိုတော့ တစ်စုံတစ်ရာအကြောင်းပြန်တာမျိုးမရှိဘူး။ဘာကြောင့် မှတ်ပုံတင်ကျဖို့ကြန့်ကြာနေလဲဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲသိမယ်”ဟု နိရဉ္စရာကိုပြောသည်။
၇ခိုင်မှ ပါတီ ၆ ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသား ပါတီ(MNP)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးပါတီ(MNDP)၊ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့်ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP)တို့က UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြပြီး ရခိုင်အမျိုးသားပါတီ(ANP)ကလွဲပြီးကျန်ပါတီများကို မှတ်ပုံတင် ခွင့်ပြုပေးခဲ့သည်။
ယခုကဲ့သို့ မှတ်ပုံတင်ခွင့်မကျသေးသည့်အတွက်ANP အနေဖြင့်ပါတီလုပ်ငန်းများ၊ စီးပွားရေး၊ နိုင်ငံရေးအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးလုပ်ငန်းတို့တွင်လုပ်ကိုင်ခွင့်မရဘဲ အခက်အခဲဖြစ်နေရသည်ဟု ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။
“ အမျိုးသားအကျိုးစီးပွားအတွက်တရားဝင်အနေနဲ့ နိုင်ငံရေးအလိုက် လုပ်နိုင်မယ့် မှတ်ပုံတင်ခွင့် တောင်းထားပါရက်နဲ့ မကျသေးတော့လုပ်ရကိုင်ရခက်ခဲတယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေး၊စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ကင်းကွာလို့ မရဘူး။ ပါတီဝင်တွေနဲ့ အဆင့်ဆင့်သော ပါတီ စည်းရုံးရေးလုပ်ငန်းတွေမှာလည်း အနည်းနဲ့အများလုပ်ရကိုင်ရ အခက်အခဲ ဖြစ်နေတယ်။ နိုင်ငံရေး ပါတီတစ်ရပ်အနေနဲ့ဒီလိုကြန့်ကြာနေတဲ့အတွက် စီးပွားရေးအပါအဝင် နိုင်ငံရေးအရ ပြောဆိုရမယ့် အလုပ်တွေ။နိုင်ငံတကာက ပြောဆိုဆက်ဆံရမယ့် ဆက်သွယ်ရေး အပိုင်းတွေမှာလည်းတရားဝင်မှတ်ပုံတင်ခွင့်တစ်ခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကချမပေးသေးတဲ့အတွက် လုပ်ရကိုင်ရခက်ခဲမှုတွေရှိတယ်” ဟု ပြောသည်။
UEC ကပါတီမှတ်ပုံခွင့်မပြုသေး၍ ပါတီလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားရကြောင်းလည်းANP ပါတီဥက္ကဋ္ဌဦးသာထွန်းလှက ပြီးခဲ့သည့် ဇူလိုင်လအတွင်းကနိရဥ္စရာကိုပြောဆိုထားသည်။
၇ခိုင်အမျိုးသားပါတီ(ANP)သည် ၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် (၄)နေရာ၊ ပြည်သူ့လွှတ်တော်(၄)နေရာနှင့် ပြည်နယ်လွှတ်တော် (ရ)နေရာ၊ စုစုပေါင်း (၁၅)နေရာဖြင့် ရခိုင်ပြည်နယ်အတွင်းလွှတ်တော်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။
ရခိုင်အမျိုးသားပါတီ(ANP) အား ယနေ့ထိ မှတ်ပုံတင်ခွင့်မပြုသေးခြင်းမှာ ရခိုင်ပြည်သူလူထု ထောက်ခံမှုများသည့်ပါတီဖြစ်ပြီးစစ်ကောင်စီက ခြယ်လှယ်၍ မရနိုင်သည့်အတွက်ကြောင့် မှတ်ပုံတင်ခွင့်မပေးခြင်းဖြစ်နိုင်သည်ဟုဂျပန်နိုင်ငံရှိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (AUN-Japan)ဥက္ကဋ္ဌကိုဘုန်းမြင့်က နိရဥ္စရာကိုပြောသည်။
“အဓိကက စစ်ကောင်စီကသူ့တို့ခြယ်လှယ်လို့မရနိုင်တဲ့ပါတီမျိူးဖြစ်လို့။ တခြားရခိုင်ပါတီဆိုရင်သူတို့လက်အောက်မှာ လက်အောက်ခံအဖြစ်မွေးစားလို့ရတယ်။ ANP ကကျတော့သူတို့ခြယ်လှယ်လို့မရတော့ ကြောက်တယ်လေ။ သူရဲဘောကြောင်တာမျိုး ဖြစ်တယ်”ဟု ပြောသည်။
ANP သည် ရခိုင်ပြည်သူလူထု ထောက်ခံမှုအများဆုံး ရရှိထားသောပါတီဖြစ်ပြီးတစ်ခြား ပါတီများ ရွေးကောက်ပွဲကျပါက ရခိုင်တွင် မဲမရနိုင်သည့်အတွက် ပါတီထူထောင်ရန်ခွင့်ပြုချက်မပေးခြင်း ဖြစ်နိုင်ကြောင်း ၂၀၂၀ရွေးကောက်ပွဲတွင် ANP ကိုယ်စားပြုဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပရဟိတသမား ကိုအမ်းသားကြီးက နိရဥ္စရာသတင်းဌာနကိုပြောသည်။
“ANP ပါတီက ရခိုင်ပြည်မှာပြည်သူလုထုထောက်ခံမှု အများဆုံးရတဲ့ပါတီဖြစ်နေတဲ့အချိန်မှာ တခြားပါတီတွေအတွက်မဲရနိုင်မှုအခြေနေနည်းပါးတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ကခွင့်ပြုချက်မပေးသေးတာထင်တယ်။ တခြားပါတီတွေက တစ်သီးတစ်ခြား ရပ်တည်ဖို့အခြေနေမရှိတာကြောင့်စစ်ကောင်စီလက်အောက်ခံအနေနဲ့ သွားရမှာဖြစ်တယ်။ အဲဒါကြောင့်စစ်ကောင်စီလက်အောက်မှာနေမယ့်ပါတီမျိုးကိုသာ မှတ်ပုံတင်ချပေးတာ ဖြစ်မယ်ထင်တယ်။ သူ့လက်အောက်မှာမွေးစားတဲ့ပါတီတွေကို ပါတီတည်ထောင်ခွင့်ပြုတဲ့သဘောပေါ့”ဟု ပြောသည်။
စစ်ကောင်စီလက်အောက်ခံ UEC ကနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနည်းဥပဒေသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ပြီးဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် နိုင်ငံရေးပါတီများကိုဖိတ်ခေါ်ခဲ့သည်
မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့်ရခိုင်မှ ပါတီများအနက် မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (MNDP)ကို ဇူလိုင်လ ၃ ရက် တွင်လည်းကောင်း၊ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေလ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ(MNP)ကို မေလ ၄ ရက်တွင်လည်းကောင်း၊ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့်၇ခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ (RSNUP)ကို မေလ ၂ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ပြုထားပြီ ဖြစ်သည်။
အလားတူ ၂၀၁၅ရွေးကောက်ပွဲတွင်လည်း ANP သည်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်နေရာ (၂၂)နေရာအထိ အများဆုံးအနိုင်ရရှိခဲ့သည့် ပါတီဖြစ်ခဲ့သည်။
လက်ရှိတွင် ပြည်နယ်အဆင့်မှတ်ပုံတင်ထားသော ANP ပါတီအပါအဝင်မွန်ညီညွတ်ရေးပါတီ (MUP)နှင့်ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့်ပြည်သူ့ပါတီ (PP)တို့ကိုUEC ကမှတ်ပုံတင်ခွင့် ချပေးသေးကြောင်း သိရသည်။
UEC ထံပါတီမှတ်ပုံတင်ခွင့်ကို တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆၀ကျော် လျှောက်ထားခဲ့ကြပြီး သတ်မှတ်အချိန်အတွင်း လျှောက်ထားခြင်းမပြုသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်ကြောင်း မတ်လ ၂၈ ရက်တွင် UECက ထုတ်ပြန်ခဲ့သည်။
ဖျက်သိမ်းခံရသည့်ပါတီများထဲတွင်ရခိုင်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကမန်အမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေး ပါတီ(DNDP)တို့လည်း ပါဝင်ခဲ့သည်။