ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦး စစ်ကောင်စီတပ်ရင်းမှ ညနေပိုင်းက ပေါက်ကွဲသံနှစ်ချက်ထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်ရင်းစခန်းဘက်မှ ယနေ့ ညနေပိုင်းက  လက်နက်ကြီးပစ်ခတ်သံလို ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

ယနေ့နိုဝင်ဘာလ ၁၂ ရက် ၊ ည ၇ နာရီခန့်လောက်ကတစ်ကြိမ်၊ ၇ နာရီ ၄၀ မိနစ်လောက်တွင်တစ်ကြိမ် ပေါက်ကွဲသံနှစ်ချက်ထွက်ပေါ်ခဲ့ကြောင်း မြောက်ဦးမြို့ခံ လူငယ်အမျိုးသားတစ်ဦးကပြောသည်။

" မြောက်ဦးမှာအခုည ပေါက်ကွဲသံ နှစ်ချက်ကြားရပါတယ်။  လက်နက်ကြီးပစ်ခတ်တဲ့ အသံဖြစ်ဖို့ များတယ်။အသံကတော့တော်တော်လေးကျယ်တယ်" ဟု သူကပြောသည်။

ယခုညလက်နက်ကြီး ပစ်ခတ်သံကဲ့သို့ အသံထွက်ပေါ်ခဲ့သည့်နေရာတွင် မြောက်ဦးမြို့အနီးရှိ စစ်ကောင်စီ၏ ခမရ ၃၇၇ နှင့် ခမရ ၃၇၈ တပ်ရင်းများရှိကြောင်း ​မြို့ခံများကပြောသည်။

မြောက်ဦးတွင် ယနေ့ညပေါက်ကွဲသံထွက်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကို မေးမြန်း၍ မရသဖြင်​့ လက်နက်ကြီးပစ်ခတ်သံ ဟုတ်မဟုတ်ကို နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်တွင်းစစ်ကောင်စီသည်  ၄င်း၏တပ်အင်အားကို နေ့ရောညပါဖြည့်တင်းလာခဲ့သလို ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့နှစ်ဘက်အကြား အနီးကပ် စောင့်ကြည့်မှုများရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားလာပါက စစ်ရေးပြင်းထန်ပြီး ဒေသခံပြည်သူများပါထိခိုက်မှု ရှိလာနိုင်သည့်အတွက် ကျေးရွာများသာမက မြို့ပေါ်များတွင်ပါ ဗုံးခိုကျင်းပြုလုပ်မှုနှင့် ရိက္ခာများစုဆောင်းမှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာကြသည်ဟု သိရသည်။

တချို့ဒေသများတွင် မိမိသဘောဖြင့် မိမိ ဗုံးခိုကျင်းများကို နေအိမ်များအတွင်း ပြုလုပ်မှုများရှိသလို တချို့ဒေသများတွင် ကျေးရွာများတွင် တာဝန်ကျနေသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)မှ အဖွဲ့ဝင်များ၏ ညွှန်ကြားချက်ကြောင့် ပြုလုပ်နေမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။ (NN-23)

ပုံစာ- ရခိုင်က ဘုရားတောင်ပေါ်တွင် စစ်တပ်စခန်းချထားသည်ကို တွေ့ရစဉ် (ပုံဟောင်း)

ဆက်စပ် သတင်းများ