တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးတွင် လက်နက်ကြီးကျည်ထိမှန်၍ အရပ်သားတစ်ဦး ထပ်မံသေဆုံး၊ ကလေးငယ်နှစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ယနေ့ ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက  စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့တွင် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး ထပ်မံ သေဆုံးပြီး၊ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၃ ဦးဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

သေဆုံးသွားသူမှာ လက်​ကောက်ဈေးအုပ်စု၊ ဆင်ချဆိပ်ရပ်ကွက်မှ ဦးမောင်မောင်သိန်း(၄၀)နှစ်ဖြစ်ပြီး တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦးနှင့် ကလေးသူငယ်နှစ်ဦးတို့မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း ​မြောက်ဦးမြို့ခံတစ်ဦးကပြောသည်။

" ဆင်ချဆိပ်ရပ်ကွက်အစွန်ဘက်နေအိမ်တွေဘက်ကျပြီးပေါက်ကွဲတာ။ သေဆုံးသွားသူနာမည်က ဦးမောင်မောင်သိန်းပါ။ ဒဏ်ရာရသွားတာကတော့ နောက်ထပ်ယောက်ျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက်။ မိန်းကလေးတွေပါ" ဟုပြောသည်။

ဒဏ်ရာရသူများထဲမှ အမျိုးသားတစ်ဦးမှာ ပေါင်ကိုလက်နက်ကြီးကျည်စထိမှန်သွားပြီး စိုးရိမ်အခြေ အနေရှိကြောင်း၊ နောက်ထပ် မိန်းကလေးငယ် နှစ်ဦးမှာ လက်နက်ကြီးကျည်စစင်ခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း မြို့ခံများကပြောသည်။

စစ်ကောင်စီ၏ ခမရ ၃၇၇၊ ခမရ ၅၄၀ တပ်ရင်းများက မြို့ပေါ်ရပ်ကွက်များသို့ ယနေ့မနက်ပိုင်းကတည်းက လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်တစ်ရက်တည်းတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့မှ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ယင်းသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့မနက်ပိုင်းက နန်းရာကုန်းရှိ ရှေးဟောင်း သုတေသနပြတိုက် အပါအဝင် သာသနိကအဆောက်အအုံတချို့၊ လူနေအိမ်တချို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပျက်စီးခဲ့ကြောင်းမြို့ခံများကပြောသည်။

ဆက်စပ် သတင်းများ