ပလက်၀ဒေသအနောက်ခြမ်းတစ်ခုလုံး AA လက်ထဲကျရောက်သွားပြီဟုဆို
ရခိုင်ပြည်မှ အကြီးဆုံးစစ်ကောင်စီ ရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ သစ်ပုတ်တောင် “ဓည၀တီရေတပ်စခန်း”ကို ရက္ခိုင့်တပ်တော်( AA) မှ ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့သည်ဟုသိ၇သည်။
ဇန်နဝါရီလ (၈) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ညီနောင်သုံးဖွဲ့၏သတင်းထုတ်ပြန်ချက်တွင် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးရှိစစ်ကောင်စီ၏ “ဓည၀တီရေတပ်စခန်း”အား ရက္ခိုင့်တပ်တော်(AA) မှ ဇန်နဝါရီ၈ ရက် နံနက်(၆) နာရီဝန်းကျင်၌ ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဒေသခံပြည်သူများအပြောအရ ယနေ့ဇန်နဝါရီလ ၈ ရက် နံနက်ရ နာရီဝန်းကျင်က သစ်ပုတ်တောင် ဓည၀တီရေတပ် စခန်းကို AA ကရှော့တိုက်ဒုံးဖြင့် ၅ ကြိမ်ပစ်ခတ်ခဲ့ရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
ဓည၀တီ ရေတပ်စခန်းသည် ယခင်က စစ်တွေမြို့တွင် အခြေစိုက်ခဲ့သော်လည်း ကျောက်ဖြူတွင် တရုတ်စီမံကိန်းများ အကောင်အထည် ဖော်လာပြီးနောက် ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်သို့ ပြောင်ရွှေ့ အခြေစိုက်သွားခဲ့ခြင်း ဖြစ်သည်။ သစ်ပုတ်တောင်တွင် အခြေစိုက်သည့် ဓည၀တီ ရေတပ်စခန်းသည် ကျောက်ဖြူမြို့နှင့် ၄မိုင်ခန့်အကွာတွင်တည်ရှိပြီး တရုတ်စီမံကိန်းတည်ရှိရာ မဒေးကျွန်းနှင့် ၅ မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်ဟု သိ၇သည်။
၎င်းပြင် သတင်းထုတ်ပြန်ချက်အထဲတွင် ရက္ခိုင့်တပ်တော် (AA)သည်ပလက်၀ဒေသတစ်ခုလုံးရှိ ရန်သူ့စခန်းများကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် မရပ်မနား ဆက်လက် ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ပလက်၀အနောက်ဘက်ခြမ်းရှိ ရန်သူ့စခန်းအားလုံးမှာလည်းရက္ခိုင့်တပ်တော်လက်ထဲသို့ ကျရောက်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အတူ တစ်ပြိုင်နက်တည်းတွင်ပလက်၀ပတ်ဝန်းကျင်အနီး၌ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများအား တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ရန်အတွက်အကောင်းဆုံး ကြိုးစား ဆောင်ရွက်လျက်ရှိသည်ဟု ဆက်လက်ဖော်ပြထားသည်။
ရမ်းဗြဲမြို့တွင်လည်းရက္ခိုင့်တပ်တော် (AA) နှင့် မြို့တွင်းစခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကြား ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေခဲ့သည်ဟုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နိရဉ္စရာသတင်းဌာနမှလည်းကျောက်ဖြူ အခြေစိုက်ဓည၀တီရေတပ်စခန်းတိုက်ခိုက်ခဲ့မှုသတင်းကို ဇန်နဝါရီ ၈ ရက်နေ့က ဖော်ပြခဲ့သည်။ သတင်းလင့် https://burmese.narinjara.com/news/detail/659b8897cb374ada8cb509cf