ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦး အခြေစိုက် ခမရ (၅၄၀) တပ်ရင်း ရက္ခိုင့်တပ်တော်သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

( ၃ ရက်အတွင်း ရခိုင်မြို့ ၃ မြို့မှ တပ်ရင်းကြီး ၃ ရင်းကို ရက္ခိုင့်တပ်တော် အောင်မြင်စွာ သိမ်းပိုက်ပြီး သမိုင်းမှတ်တိုင်စိုက်ထူ)

ရခိုင်ရှေးဟောင်းမင်းနေမြို့တော် မြောက်ဦးအခြေစိုက် ခမရ (၅၄၀) ကို ရက္ခိုင့်တပ်တော်က အလုံးစုံသိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က သတင်း ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်၏ သတင်းထုတ်ပြန်ချက်အထဲတွင် “ မြောက်ဦး အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်းများထဲမှ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်မှ ရန်သူ၏ ခုခံစစ်အား အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံသိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။

မြောက်ဦးမြို့တွင် ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်း ၃ ရင်းရှိရာ ၎င်းတပ်ရင်းများကို တစ်ပြိုင်နက်တည်း AA က ထိုးစစ်ဆင် တိုက်ခိုက်ရာ ခမရ (၅၄၀) တပ်ရင်းကို ဦးစွာ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

“ ၎င်းတပ်ရင်းများသည် ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူ လုယက် ဖျက်ဆီးခဲ့သော၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သော၊ မြောက်ဦးမြို့ကို မီးလောင် ပြာကျအောင် ကြံစည်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ မြောက်ဦး အခြေစိုက် တပ်ရင်းများဖြစ်ကြသည်” ဟုလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိရဉ္စရာမှ စုံစမ်းသိရှိရသလောက် မြောက်ဦးအခြေစိုက်  ခမရ (၅၄၀) တပ်ရင်းမှ မိသားစုများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၅ ဦးသည် တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော် (AA) ထံ အညံ့ခံ လက်နက် ချသွားသည်ဟုလည်း သိရှိရသည်။ 

ရက္ခိုင့်တပ်တော်သည် ဆက်လက်ပြီး ကျန်ရှိနေသေးသော မြောက်ဦးအခြေစိုက် အခြားတပ်ရင်းနှစ်ရင်း ခမရ (၃၇၇)၊ ခမရ (၃၇၈)  အပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသော စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်သည်   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအားလည်းကောင်း၊ ဇန်ဝါရီ ၂၈ ရက်နေ့တွင်  မင်းပြားမြို့ အခြေစိုက် ခမရ (၃၈၀) တပ်ရင်းအားလည်းကောင်း အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ 

အကြမ်းဖက်စစ်ကောင်စီသည် အဆိုပါတပ်ရင်းများအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်း စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်လက်နက် လူအင်အားဖြည့်တင်းပြီး  အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း သူရသတ္တိအပြည့်ဖြင့် တိုက်ခိုက်နေသော ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်များ၏ ထိုးစစ်အောက်၌ ၎င်းတပ်ရင်း ၃ ခုစလုံး ထပ်မံကျဆုံးခဲ့ရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ