သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

မြောက်ဦးတွင် စစ်တပ်က ပစ်သတ်သွားသည့် အရပ်သားအလောင်း ၅ လောင်းတွေ့ရှိ၊ ထိုအထဲတွင် ကိုရင်ဆို့နှင့် ကိုဖိုးသီဟ ပါဝင်သည်ဟု သတင်းထွက်နေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 8.3k

မြောက်ဦးမြို့ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ပြီးနောက် အသတ်ခံထားရသူ အရပ်သား (၅) ဦး၏ အလောင်းအားတွေ့ရှိရပြီး ထိုအထဲတွင်  ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသည့် ကိုရင်ဆို့(ခ​)ကျော်ဇံဝေနှင့်  DVB သတင်းထောက်ဟောင်း ကိုဖိုးသီဟ ပါဝင်ကြောင်း သတင်းထွက်ပေါ်နေသည်။

မြောက်ဦးသတင်းရင်းမြစ်တစ်ဦးက “ အလောင်း ၅ လောင်းတွေ့တယ်။ ရုပ်တွေက ပျက်နေပြီလို့ သိရပါတယ်။ အဲဒီအလောင်းတွေထဲမှာ လူသိများတဲ့ ကိုရင်ဆို့နဲ့ ကိုဖိုးသီဟတို့ရဲ့ အလောင်းတွေ ပါတယ်လို့ သတင်းထွက်နေပါတယ်”ဟု ပြောဆိုသည်။

နိရဉ္စရာသတင်းဌာနက မြောက်ဦးဒေသခံများနှင့် ဆက်သွယ်ပြီး မေးမြန်းရာတွင်  အရပ်သား အလောင်း ၅ လောင်းတွေ့ရှိသည်မှာ မှန်ကန်ကြောင်း၊ ကိုရင်ဆို့နှင့် ကိုဖိုးသီဟ တို့ပါဝင်သည်ဟု သတင်းထွက်နေသော်လည်း ကိုယ်တိုင်မမြင်ရ၍ အတည်ပြု ပြောကြားနိုင်ခြင်း မရှိဟု ပြောဆိုသည်။

ကိုရင်ဆို့(ခေါ်) ကိုကျော်ဇံဝေနှင့် သတင်းထောက်ဟောင်း ကိုဖိုးသီဟသည် နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများဖြစ်ကြပြီး အမှုရင်ဆိုင်နေကြသူများ ဖြစ်ကြသည်။

ကိုရင်ဆို့(ခေါ်)ကိုကျော်ဇံဝေမှာ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်နေထိုင်သူဖြစ်ပြီး သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဟာသဗီဒီယိုများနှင့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကိုမျှဝေရင်း လူသိများလာသူတစ်ဦးဖြစ်သည်။

သူ့ကိုပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ နံနက် ၈ နာရီခန့်တွင် စစ်သားနှင့် ရဲအင်အား ၂၀ ခန့်က သူ၏နေအိမ်မှ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယင်းနောက် သူ့ကို နိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟုဆိုကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ကိုဖိုးသီဟသည် မြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်၊ နေ့လယ် ၁နာရီခန့်၌ စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စစ်ရေး၊ နိုင်ငံရေး အကြောင်းအရာများကို အလျဉ်းသင့်သလို မျှဝေလေ့ရှိပြီး ယင်းအပေါ် မကျေနပ်ဖြစ်ကာ နေအိမ်သို့လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနောက် သူ့ကို မြောက်ဦးရှိ ၃၇၇ တပ်ထဲတွင် ဖမ်းဆီးချုပ်နှောင် စစ်ဆေးခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က မြောက်ဦးမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကာ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

ကိုဖိုးသီဟသည် ယခင်က DVB အပါအဝင် ပြည်တွင်း၊ ပြည်ပသတင်းဌာန အချို့တွင် ဝင်ရောက် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဖမ်းဆီးခံခဲ့ရချိန်တွင် သတင်းမီဒီယာလောကမှ ထွက်ကာ ကလေးကစားစရာ အရုပ်ဆိုင်ရောင်းချနေသူဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ