အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြောက်ဦး အုတ်ဖိုကန်ရွာအနီးကို စစ်ကောင်စီက ညအချိန် ဒုံးကျည်နဲ့လာပစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၆/၂၀၂၄

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပြီးခဲ့သည့် ညအချိန်က ဒုံးကျည်နဲ့ လာပစ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဩဂုတ်လ ၆ ရက်၊ နံနက် အစောကြီး ည ၂ နာရီကျော်ခန့်တွင် အုတ်ဖိုကန်ကျေးရွာအနီးရှိ ယခင် အစိုးရပိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ရုံးအနီးသို့ Rocket ဒုံးဖြင့် နှစ်ကြိမ်တိုင် လာရောက်ပစ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"အဲဒီရုံးနဲ့ ရွာသင်္ချိုင်းနဲ့ ကြားမှာကျတာပါ။ လူအထိအခိုက်တော့ မရှိဘူး။ ရုံးအဆောက်အဦ အနောက်ဘက်အခြမ်း နည်းနည်းတော့ နာသွားတယ်။ ဗုံးကျသွားတဲ့နေရာက ဗွက်အိုင် မြေအပျော့မှာ ကျသွားတော့ အဆောက်အဦက နည်းနည်းပဲ နာသွားတာ။ မြေကြီးအမာမှာ ကျရင်တော့ အဆောက်အဦက အများကြီးပျက်သွားနိုင်တယ်"ဟု ပြောသည်။

အုတ်ဖိုကန်ကျေးရွာသည် မြောက်ဦးမြို့အဝင်တွင်ရှိသည့်ကျေးရွာဖြစ်သည်။ မည်သည့်အတွက် လာရောက်ပစ်ခတ်သည်ကို မသိရဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်း မြောက်ဦးမြို့နယ်၊ ဝေသာလီ ကျေးရွာ အနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲခဲ့သည့်အတွက် ယင်းရွာမှ Grade 7 ကျောင်းသားတစ်ဦး ဒဏ်ရာရသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း မြောက်ဦးမြို့၊ လေးမြို့စား ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားရုံးနောက်ဘက်သို့ စစ်ကောင်စီက ဗုံးနှစ်လုံး ကြဲချခဲ့ပြီး လူအထိအခိုက်တစ်စုံတရာမရှိခဲ့ဟု သိရသည်။

ဓာတ်ပုံ - ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်က စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ (Photo-CJ)

ဆက်စပ် သတင်းများ