အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြောက်ဦး လူစည်ကားသည့်နေရာကို စစ်ကောင်စီက ဗုံးလာကြဲ၍ ၆ ဦးသေပြီး ၇ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၁၀/၂၀၂၄

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်၊ ရှစ်သောင်းဘုရားသွားလမ်း မြောက်ဦးဟိုတယ် လမ်းဆုံတွင် စစ်ကောင်စီက ဂျက်ဖိုင်တာဖြင့် ဗုံးလာကြဲသည့်အတွက် အရပ်သား ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီက ရှစ်သောင်းသွားလမ်း၊ မြောက်ဦးဟိုတယ်နှင့် ဦးဥတ္တမပန်းခြံအနီးတဝိုက်သို့ ဗုံးတစ်လုံးလာကြဲသွားသည်ဟု အခင်းဖြစ်ရာသို့သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

"လူ ၆ ယောက် အဲဒီနေရာမှာတင် ပွဲချင်းပြီးသေတယ်။ ၇ ယောက်ဒဏ်ရာရတယ်။ တာတို ပြေးဆွဲနေတဲ့ ကားနှစ်စီးလည်း လုံးဝပျက်စီးသွားတယ်။ အဲဒီကားတစ်စီးထဲမှာလည်း ခရီးသည် သားဖနှစ်ယောက်ပွဲချင်းသေသွားတယ်။ သေတာစုစုပေါင်းတော့ ၆ ယောက်" ဟုပြောသည်။

သေဆုံးသူများမှာ အမျိုးသားများဖြစ်သည်ဟု သိရသည်။

ယခုပစ်ခတ်ခဲ့သည့်နေရာသည် ခရီးသွားကားများနှင့် ခရီးသည်များ၊ စျေးဆိုင်ခန်းများဖြင့် လူစည်ကားသည့်နေရာဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"အဲဒီနားမှာက လူစည်တယ်လေ။ အဲ့မှာ တစ်လုံးချပြီး အနီးအနားမှာ ဝဲနေခဲ့သေးတယ်"ဟု ပြောသည်။

သေဆုံးသူများတွင် စျေးဆိုင်ခန်းရောင်းချသူအချို့လည်း ပါဝင်သွားကြောင်း သိရသည်။

ကားများ၊ ဘေးတွဲဆိုင်ကယ်များ၊ အိန္ဒိယသုံးဘီး(တုတ်တုတ်)များနှင့် ဆိုင်ကယ်တို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်၊ ညဥ့် ၂ နာရီကျော်ခန့်ကလည်း မြောက်ဦးမြို့အနီးမှ အုတ်ဖိုကန်ကျေးရွာအနီးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ရုံးအနီးသို့ စစ်ကောင်စီက Rocket ဒုံးဖြင့် နှစ်ကြိမ်တိုင် လာရောက်ပစ်သွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်း မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာ အနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲခဲ့သည့်အတွက် ယင်းရွာမှ Grade 7 ကျောင်းသားတစ်ဦး ဒဏ်ရာရသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားရုံးနောက်ဘက်သို့ စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချခဲ့ပြီး လူအထိအခိုက်တစ်စုံတရာမရှိခဲ့ဟု သိရသည်။

ဆက်စပ် သတင်းများ