အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြောက်ဦးက တစ်လသားအရွယ် သုံးမြွှာပူးကလေးများအတွက် အကူညီထောက်ပံ့လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၂၂ / ၂၀၂၄

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှ တစ်လသားအရွယ် သုံးမြွှာပူးကလေးငယ်များအတွက် ဆေးဝါးနှင့် နို့မှုန့်စရိတ်အခက်အခဲကြုံနေပြီး အကူညီအထောက်ပံ့များလိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါသုံးမြွှာပူးကလေးငယ်များကို မြောက်ဦးမြို့နယ်၊ ရုပ်ချောင်းကျေးရွာမှ ဦးလှရွှေမောင်နှင့် ဒေါ်ဦးစိန်ညွန့်တို့က ဇူလိုင်လ ၁၇ ရက်က ဒေသအတွင်း ဆေးရုံတစ်ခုတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါသုံးမြွှာပူးကလေးငယ်များထဲ နှစ်ဦးမှာမိန်းကလေးဖြစ်ပြီး အငယ်ဆုံးကလေးငယ်မှာ ယောက်ျားလေးဖြစ်ကြောင်း သိရသည်။

မိဘများမှာ နွမ်းပါးသည့်တစ်နေ့လုပ်တစ်နေ့စားများဖြစ်၍ လက်ရှိ တစ်လကျော်အရွယ်ရှိ နေပြီဖြစ်သည့် အဆိုပါကလေးငယ်များအတွက် ဆေးဝါးနှင့် နို့မှုန့်စရိတ်များမတတ်နိုင်တော့ဘဲ အခက်အခဲကြုံတွေ့နေရကြောင်း ဖခင်ဖြစ်သူ ဦးလှရွှေမောင်က ပြောသည်။

"ကျွန်တော်တို့က တစ်ရက်ကိုမှ ဝင်ငွေတစ်သောင်းပြည့်အောင်ရတဲ့အခါရ၊ မရတဲ့အခါမရပါ။ ကလေးတွေမွေးစတုန်းကနေအခုထိ နီးစပ်ရာဆွေမျိုးသားချင်းတွေဆီက ဟိုလူ့ဆီကငွေကြေး အကူညီယူလိုက်၊ ဒီလူဆီကယူလိုက်နဲ့ ကလေးတွေအတွက် ဆေးဝါးနဲ့ နို့မှုန့်တွေ ဖြေရှင်းနေရပါတယ်" ဟု ပြောသည်။

အသက် (၅၀)ကျော်အရွယ် ဦးလှရွှေမောင်မှာ ထီးအဟောင်းများပြန်လည်ပြုပြင်ခြင်း၊ သွပ်အိုးများ ဖာထေးခြင်းစသည့်အလုပ်လုပ်ကိုင်ပြီး တစ်ရက်လျှင် လုပ်အားခပျမ်းမျှဝင်ငွေ ၁၀၀၀၀ ကျပ်ဝန်းကျင်သာရှိကြောင်း သိရသည်။

ဦးလှရွှေမောင်က "ကျနော့်အမျိုးသမီးက ကလေးတွေတစ်ဖက်နဲ့မို့ အလုပ်မလုပ်နိုင်ပါဘူး။ ကျွန်တော့်ဝင်ငွေတစ်ခုတည်းနဲဲ့ပဲ ကလေးတွေရဲ့နို့မှုန့်စရိတ်၊ ဆေးဝါးတွေနဲ့ တစ်အိမ်လုံး စားစရိတ်ကိုဖြေရှင်းရပါတယ်။ မလောက်ငလို့  နီးစပ်ရာတွေ၊ ဆွေမျိုးသားချင်းတွေဆီက အကူညီတွေယူနေရတာလည်းကြာပါပြီ။ သူတို့ကလည်း အမြဲတမ်းအကူညီပေးနေဖို့ မဖြစ်နိုင်ပါ" ဟုပြောသည်။

ကလေးမိခင်ဖြစ်သူ ဒေါ်ဦးစိန်ညွန့်မှာ သုံးမြွှာပူးကလေးငယ်များကို ထိန်းသိမ်းပြုစုနေရ၍ တခြားဝင်ငွေရှာသည့်အလုပ်များ လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ကလေးငယ်များမှာ ကျန်းမာလျက်ရှိသော်လည်း မိဘများကဝင်ငွေနည်းပါးလွန်း၍ လသားအရွယ်ကလေးများအတွက် မဖြစ်မနေလိုအပ်သည့် ဆေးဝါးနှင့် နို့မှုန့်စရိတ်များ ဝယ်ယူရေးနှင့် ရေရှည်ပြုစုစောင့်ရှောက်ရေးအတွက် အခက်ကြုံနေကြရကြောင်း သိရသည်။

ရခိုင်တွင်တိုက်ပွဲနှင့်စစ်ကောင်စီ၏ပိတ်ဆို့မှုကြောင့် ကုန်စည်များပြတ်လပ်ပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လျက်ရှိရာ လက်ရှိကလေးငယ်များကို အတိုက်များသည့် Dupro နို့မှုန့်တစ်ဘူးကို ၉၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။

လသားအရွယ် ကလေးငယ်တစ်ဦးအတွက် တစ်လတာ နို့မှုန့်စရိတ်သီးသန့် ကျပ် ၂ သိန်းဝန်းကျင် အထိရှိနေပြီး ကလေး လေဆေးအပါအဝင် ဆေးဝါးများစရိတ်ကလည်း တစ်လလျှင် ကျပ်သိန်းနှင့်ချီကုန်ကျကြောင်း ကျောက်တော်မြို့နယ်မှ လသားအရွယ်ကလေး မိခင်တစ်ဦးက ပြောသည်။

 

ဓာတ်ပုံ - အနန္တမိတ္တာ ပရဟိတ သွီးလှူရှင်များအသင်း

ဆက်စပ် သတင်းများ

မြောက်ဦးရေပြန်ကျ
  • Web Master
  • ၀၄ သြဂုတ် ၂၀၂၄
မြောက်ဦးရေပြန်ကျ