တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ရှောင်အမျိုးသားတစ်ဦး ကုလားတန်မြစ်ထဲ ခုန်ချအဆုံးစီရင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 352


ကံ့ကော်နီနီ၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၃ / ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်လူငယ်အမျိုးသားတစ်ဦးသည် စက်တင်ဘာ ၂၂ ရက်နေ့က ကုလားတန်မြစ်ထဲ ခုန်ချပြီး အဆုံးစီရင်သွားကြောင်း  သတင်းရရှိသည်။

ကုလားတန်မြစ်ထဲခုန်ချအဆုံးစီရင်သွားသူမှာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ ကိုမောင်ကြီး (၂၅)နှစ် ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာအနီးသို့ မိသားစုနှင့် အတူ စစ်ဘေးရှောင်လာခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

သူသည်  စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာနှင့် ယိုးငူကျေးရွာကြားမှ ကုလားတန်မြစ်(ကစ္ဆပနဒီမြစ်)ထဲသို့ ခုန်ချ အဆုံးစီရင်သွားခြင်းဖြစ်သည်။

အလောင်းရှာဖွေရာတွင်ပါဝင်သည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက " ကျွန်တော်တို့ကို မိသားစုက အကြောင်းကြားတော့ ကျွန်တော်တို့ ရုပ်အလောင်းရှာဖွေမှုတွေ လုပ်နေကြပါတယ်။ မနက် ၁၁ နာရီခွဲလောက်ကနေ ကျွန်တော်တို့ ရှာဖွေနေကြတာပါ။ အခုထိ မတွေ့သေးပါ"ဟု ယမန်နေ့ညနေပိုင်းက ပြောသည်။

ကိုမောင်ကြီးသည် ယမန်နေ့ မနက်ပိုင်းက သူစစ်ဘေးရှောင်နေသည့်နေရာအနီးရှိ ကျေးရွာတစ်ခုမှ အုန်းသီးတစ်လုံးတောင်းယူလာသည်ကို မိသားစုဝင်တစ်ဦးက ပြစ်တင် ပြောဆိုမိပြီးနောက် ကုလားတန် မြစ်ထဲဆင်းသွားကာ ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။



အလောင်းအားရှာဖွေရာတွင်ပါဝင်သည့် ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက "သူများဆီကတောင်းမှစားရမှာလားဘာညာပေါ့။ မိသားစုဝင်တစ်ဦးက အော်ငေါက်တာမျိုး လုပ်မိတယ်။ အဲဒီလိုပြောခံရပြီးနောက်မှာ ကိုမောင်ကြီးက သူတို့ စစ်ရှောင်တဲ့ တဲကနေထွက်သွားတယ်။ အဲဒီနောက်ပိုင်း မြစ်ထဲဆင်းပြီးရေနစ် ပျောက်ဆုံး နေတာလို့ သိရတယ်" ဟု ပြောသည်။

မြစ်ထဲခုန်ချအဆုံးစီရင်သွားသူ ကိုမောင်ကြီး၏ ပုဆိုးတစ်ထည်ကိုသာ ယခုညနေပိုင်းအထိ ဆယ်ယူရရှိထားပြီး ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

အလောင်းကို လင်းရောင်ခြည်ဖောင်ဒေးရှင်း၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း၊ ပုဏ္ဏားကျွန်း လူငယ် အစည်းရုံးတို့က ပူးပေါင်းရှာဖွေနေကြောင်း သိရသည်။

မြစ်ထဲခုန်ချသွားသူ ကိုမောင်ကြီးတို့မိသားစုမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စစ်ကောင်စီ နေဗီကပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် ပုဏ္ဏားကျွန်းမြို့မ ဈေးကြီး မီးလောင်ပြာကျသည့်အချိန်ကပင် ယိုးငူကျေးရွာဘက်သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာတွင် စစ်ဘေးရှောင် နေကြသည့် ဆယ်ကျော်သက်အရွယ် ညားခါစ ဇနီးမောင်နှံ ၂ ဦးသည်လည်း စားဝတ်နေရေး ကျပ်တည်း လာမှု‌ကြောင့် ကြိုးဆွဲချသေဆုံးသွားခဲ့ကြသည်။

ရခိုင်တွင် တိုက်ပွဲများကြောင့် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထား၍ ကုန်စည် စီးဆင်းမှုများ ပြတ်တောက်ကာ ကုန်ဈေးနှုန်းများ အဆမတန်ကြီးမားလျက်ရှိသည့် အပြင် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့်လည်း ဒေသခံများတွင် စားဝတ်နေရေးကျပ်တည်းပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိလာနေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ