ဂျွန်နသန်၊ ဒီဇင်ဘာ ၃၁/ ၂၀၂၄
ဘင်္ဂလားဒေ့ရှ် အနေဖြင့် မြန်မာစစ်အစိုးရနှင့်ရော အာရက္ခတပ်တော်(AA) နှင့်ပါနှစ်ဖက်စလုံးနှင့် အဆက်မပြတ်ထိတွေ့ ဆက်ဆံလျက်ရှိကြောင်းဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးအကြံပေးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ပါမောက္ခ မိုဟာမက်ယူနွတ် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် နယ်စပ် တင်းမာမှု အခြေအနေ များနှင့်ပတ်သက်ပြီး မြန်မာစစ်အစိုးရနှင့်သာမက ဘင်္ဂလားဒေ့ရှ်နှင့်(၂၇၁ )ကီလိုမီတာနယ်စပ်ထိစပ်နေသည့် မြန်မာဖက်အခြမ်းနယ်စပ် နေရာအားလုံးကိုထိန်းချုပ်ထားသည့်အာရက္ခတပ်တော် (AA) နှင့်ပါနှစ်ဖက်စလုံးနှင့် အဆက်အသွယ် မပြတ်အပြန်အလှန် ထိတွေ့ ဆက်ဆံလျက်ရှိသည်ဟုဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးအကြံပေးဖြစ်သူကထုတ်ဖော်ပြောကြားခဲ့ကြောင်း TBS ကသတင်းဖော်ပြသည်။
“ အခုအခါမှာ ၂၇၁ ကီလိုမီတာ(၁၇၀မိုင်)ရှိတဲ့ နယ်စပ်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားပါတယ်။တစ်ဖက်မှာကလည်း မြန်မာနိုင်ငံကို (မြန်မာစစ်အစိုးရ) အစိုးရ က အုပ်ချုပ်နေပါ တယ်။ဒါကြောင့် ဘင်္ဂလားဒေ့ရှ်(ယာယီအစိုးရ) အနေနဲ့က နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးနဲ့ အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နေပါတယ်”ဟုပြည်ထဲရေးဝန်ကြီးဌာန အကြံပေး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Jahangir Alam Chowdhury ကပြောသည်။
၎င်းသည်မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တက်ကနက် ကို ဒီဇင်ဘာ(၃၀)ရက်က လာရောက်လည်ပတ်စဉ်အတွင်း သတင်းထောက်များကိုအထက်ပါအတိုင်းထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း Daily Eexcelsior ကဖော်ပြသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြန်မာနှင့်နယ်နမိတ် ထိစပ်နေသည့် နယ်စပ်ဒေသ တွင် ၎င်းတို့၏ တာဝန်၊ဝတ္တရားများကို သတိဖြင့် လုပ်ဆောင်နေပြီးယခုအချိန်ထိ ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ရခြင်းမရှိ သေးကြောင်း ၄င်းကပြောကြားခဲ့သည်။
"နယ်စပ်ဒေသမှာ ကျွန်တော်တို့ ဘာပြဿနာမှ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေအားလုံးက သူတို့ရဲ့ တာဝန် ၀တ္တရား တွေကို အစွမ်းကုန်သတိနဲ့ ဆောင်ရွက်နေပါတယ်။ အချိန်တိုင်းတရားဥပဒေစိုးမိုးရေး၊တည်ငြိမ်မှု ရှိစေရေး တို့ကိုပဲ အဓိကထား လုပ်ဆောင်နေပါတယ်" ဟု၄င်းကပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အဖွဲ့ခေါင်းဆောင်မိုဟာမက်ယူနွတ်၏အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်သူ Dr Khalilur Rahman သည် အဆို ပါနယ်စပ် အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်းလည်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ရံဖန်ရံခါ သေနတ်သံများနှင့် မော်တာကျည်များ၊ ကြီးမားသည့်ပေါက်ကွဲမှုများကြောင့် နယ်စပ်ဒေသ ကို တုန်လှုပ်သွားခဲ့ကြောင်း ၊ ရလဒ်အားဖြင့် ဒေသခံများနတ်မြစ်အတွင်းငါးဖမ်းရာတွင် လောလောဆယ် လုံခြုံမှုမရှိကြောင်း ၄င်းကဝန်ခံခဲ့သည်။
အာရက္ခတပ်တော် (AA) သည် မြန်မာစစ်တပ်ကို ရခိုင် ဒေသတွင်းမှ နှင်ထုတ်ခဲ့ပြီး ရခိုင်ဒေသတစ်ခုလုံးနီးပါးကိုသိမ်းပိုက်ထားချိန်တွင် ဘင်္ဂလားဒေ့ရှ် ဘက်မှလည်း နယ်စပ်တွင် တပ်ဖွဲ့ဝင်များ ကို ထပ်မံ ခေါ်ယူ အင်အားဖြည့်တင်းထားကြောင်းသိရသည်။
တက်ကနက်နှင့် ၎င်း၏ အနီးနားရှိဒေသများသည် မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားကြောင်း၊နိုင်ငံအတွင်းမူးယစ်ဆေးဝါးများဝင်ရောက်လာမှုကို ဖြည်းဖြည်းချင်း ထိန်းချုပ်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် နယ်စပ်တလျှောက်ရှိ ပြည်သူအားလုံးကလည်းတာ၀န်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ကို လည်း ၄င်းကပန်ကြားခဲ့သည်။
ဒေသခံများ နတ်မြစ်အတွင်း ပြန်လည် ငါးဖမ်းခွင့်ရရန်နှင့် နွားတင်သွင်းခွင့် ပြန်လည်ရရှိရန်တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏အခြေအနေအပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ .
ထို့အပြင် ရခိုင်ပြည်နယ်တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ(မြန်မာစစ်တပ်နှင့်AAအကြားတိုက်ပွဲများ) ကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထွက်ပြေး ခိုလှုံလာသည့် လူပေါင်း၅၀,၀၀၀ မှ ၆၀,၀၀၀ ကိုစာရင်းသွင်းဖို့ဒီကိစ္စနှင့်ပတ်သက်ပြီး အစိုးရ၏ ဆုံးဖြတ်ချက် လိုအပ်ကြောင်း ၄င်းက သတင်းတစ်ဦး၏ မေးမြန်းချက်အပေါ်ပြန်လည်ဖြေကြားခဲ့သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက ဆုံးဖြတ်ချက် မချရသေးပါဘူး။အသစ်ထပ်ရောက်လာတဲ့ ရိုဟင်ဂျာတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ ပြင်းထန်စွာ ကြုံခဲ့ရပါတယ်။ သူတို့ဟာ နည်လမ်းပေါင်းစုံနဲ့အများအပြား ရောက်ရှိလာကြလာပြီး ဒဏ်ရာအပြင်းအထန်ရထားကြလို့ သူတို့ကိုနေရပ်ပြန်ပို့ဖို့ဆိုတာ အင်မတန်မှခက်ခဲစေခဲ့ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်AA နှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်ရန်အချိန်တန်ပြီဖြစ်ကြောင်း ၊AA နှင့် ထိတွေ့ဆက်ဆံပါက ဘင်္ဂလားဒေ့ရှ်အတွက် အခွင့်အလမ်းကောင်းများဖြစ်ပြီး လုံခြုံရေးသာမက စီးပွားရေးဆိုင်ရာအကျိုးစီးပွားများကိုလည်း ၊အကျိုးဖြစ်ထွန်းစေကြောင်း၊လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူဗိုလ်ချုပ်ဟောင်းများ၊ သံတမန်ဟောင်းများ၊ပညာရှင်များ ကဒီဇင်ဘာ(၂၈)ရက် ကဘင်္ဂလားဒေ့ရှ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာရေးဌာန (BIPSS) မှ စီစဉ်ကျင်းပခဲ့သည့် “ ရခိုင်- မောင်တောကျဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်း ဂယက်ရိုက်ခတ်မှု- မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ” တွင်ဘင်္ဂလားဒေ့ရှ်အစိုးရကိုတောင်းဆိုခဲ့သည်။
အဆိုပါမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ တွင် အငြိမ်းစား ဗိုလ်ချုပ် A N M Muniruzzaman ၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးဟောင်းလည်းဖြစ် လစ်ဗျားနိုင်ငံ သံအမတ်ကြီးဟောင်းလည်းဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် Md Shahidul Haque နှင့် East-West University မှ လက်ထောက်ပါမောက္ခ Parvez Karim Abbasi တို့က ပါ၀င်ဆွေးနွေးခဲ့ကြသည်။ Source/The Business Times/Daily Eexcelsior