Preview

စစ်တွေမြို့တွင် လျှပ်စစ်မီးမရသည့်အပြင် ထင်းနှင့် မီးသွေး ဈေးနှုန်းမြင့်တက်ကာရှားပါးလာသဖြင့်မြို့နေပြည်သူတို့ အခက်တွေ့

နောင်မင်းသူ | ဖေဖော်ဝါရီ ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :318
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၄ /၂၀၂၅

ရခိုင်ပြည်၊ စစ်တွေမြို့တွင် လျှပ်စစ်မီးမရသဖြင့်ချက်ပြုတ်ရာတွင် ထင်းနှင့် မီးသွေးကိုအဓိက အသုံးပြုနေကြရရာမှ လက်ရှိတွင် ဈေးမြင့်တက်လာ‌နေပြီးတစ်ခြားတစ်ဖက်တွင်လည်း ရှာမရသည့်အထိ ရှားပါးလာသဖြင့် မြို့နေပြည်သူလူထု အနေဖြင့် အထူးအခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

စစ်‌တွေမြို့ခံတစ်ဦးက "စစ်တွေမြို့က ပြည်သူအများစုက လျှပ်စစ်မီးနဲ့ ထမင်း၊ ဟင်းချက်ပြုတ်ကြတာများတယ်။ထင်းနဲ့မီးသွေးတွေကလည်း နယ်ကျေးရွာတွေက မြို့ပေါ်ကိုလာ‌ရောင်းကြတာ။အခုလျှပ်စစ်မီးလည်းမရှိ။ ထင်းနဲ့ မီးသွေးလည်း နယ်ဖက်က လာမရတော့စစ်တွေမြို့မှာ ထင်းနဲ့ မီးသွေး ဈေးမြင့်တက်လာတယ်။အလွယ်တကူရှာမရ‌တော့ဘူး"ဟု ပြောဆိုသည်။

စစ်ကောင်စီသည် စစ်တွေမြို့အဝင်အထွက်ကုန်လမ်းနှင့် ရေလမ်းများအား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလမှ စတင်ကာ တင်းတင်းကျပ်ကျပ် ပိတ်ထားသဖြင့် နယ်က တင်ပို့သည့် ထင်း၊မီးသွေးများအပါအဝင် ကုန်ပစ္စည်းများ အဝင်အထွက်မရှိတော့ဟု သိရသည်။  

သို့အတွက် တချို့မသမာသူများသည် မြို့ထဲတွင် တာဝန်ကျနေသည့် စစ်ကောင်စီ စစ်တပ်၊ ရဲတို့နှင့် ပူးပေါင်းကာ လူနေအိမ်များကို ဖျက်ဆီးကာ ထင်းအဖြစ် ရောင်းချလျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့၌အလျားတစ်ပေကျော်၊ အနံသုံးလက်မ‌ ကျော်ရှိ ထင်းသုံးချောင်းအား ငွေကျပ်၂၀၀၀ ၊လူမရှိသည့်နေအိမ်မှ တံခါးများ၊ ပြတင်းများ၊ ကျည်းဘောင်များအားခွဲခြမ်းစိပ်ထားသည့် ထင်းသုံးချောင်းအား ၁၅၀၀ ကျပ်၊မီးသွေးဆယ်ပိဿာတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ခုနစ်ပိဿာတစ်အိတ်လျှင် ၃၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်လျက်ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

blob








ထင်းနှင့် မီးသွေး ရှားပါးလာမှုကြောင့် စစ်‌တွေမြို့‌ ပေါ်ရပ်ကွက်များရှိလူနေထိုင်ခြင်းမရှိသည့် နေအိမ်များမှ သစ်တိုသစ်စများ၊ ပြတင်း၊တံခါးများအားဖြုတ်ယူပြီး လောင်စာအဖြစ်အသုံးပြုနေကြသလိုအိမ်ထောင်ပရိ‌‌ဘောဂပစ္စည်များ၊ လျှပ်စစ်မီးကြိုးများအခိုးခံနေကြရကြောင်း ‌စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးကပြောဆိုသည်။

"ကျွန်မတို့နေအိမ်အနီးကအိမ်မှာအိမ်ရှင်တွေ ရန်ကုန်ကိုသွားကြတာကြာပါပြီ။ လူနေမနေတော့ နေအိမ်ကသစ်တိုသစ်စတွေနဲ့ ပရိဘောဂပစ္စည်းတွေ ပြတင်း‌ပေါက်၊တံခါးပေါက်တွေကိုပါဖြုတ်ပြီး ခိုးယူကြတယ်။ အိမ်မှာတပ်ဆင်ထားတဲ့လျှပ်မီးကြိုးတွေကိုပါဖြုတ်ပြီးခိုးနေကြတယ်။ ခိုးနေကြတာမြင်လို့ပြောရင်လည်း မင်းတို့အိမ်လား။ မဆိုင်ရင်မ‌‌ပြောနဲ့အသတ်ခံချင်လားလို့ ခြိမ်း‌ခြောက်ခံရတယ်"ဟုပြောဆိုသည်။

စစ်တွေမြို့အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးရှိမြို့များ၌ တကျော့ပြန်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး ယ‌နေ့အထိ လျှပ်စစ်မီးပြတ်လျက်ရှိနေသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော်( AA) စစ်တွေမြို့ကို ဝင်တိုက်မည်ကို စိုးရိမ်ပြီး မြို့၏ ဝင်ပေါက်ထွက်ပေါက်များကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသလို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ဇူလိုင်လမှစပြီး စစ်တွေမြို့‌ရှိ ကမ်းနားလမ်းအပါအဝင်ပင်လယ်ကမ်းခြေပတ်လမ်းတစ်လျှောက်အား သံဆူးကြိုးများဖြင့် ခြံစည်းရိုးများကာရံထားသည်ဟုလည်း သိရသည်။

blob


















ဓာတ်ပုံ - နိရဥ္စရာနှင့် အွန်လိုင်း

#လူမှုရေးရာ#စစ်ဘေး#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.