Preview

မလေးရှားတွင် ရခိုင်လူငယ်တစ်ဦး အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုထံ ကျပ်သိန်း ၆၀ ကျော်အလိမ်ခံရ

စောရှင်မေ | ဖေဖော်ဝါရီ ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :1120
ရခိုင် သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၀/၂၀၂၅

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူငယ်တစ်ဦးသည် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုထံ ကျပ်သိန်း ၆၀ ကျော်အလိမ်ခံရကြောင်း သိရသည်။

ငွေလိမ်ခံရသူလူငယ်မှာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်အတွင်း အလိမ်ခံလိုက်ရခြင်းဖြစ်သည်ဟု ကာယကံရှင်လူငယ်က နိရဥ္စရာသို့ ပြောသည်။

ယင်းသို့အလိမ်မခံရမီ သူ့ကို ဖေဖော်ဝါရီလအစောပိုင်းတွင် အွန်လိုင်း မတ်ဆင်ဂျာမှတဆင့် အမျိုးသမီးတစ်ဦးက စတင်မိတ်ဆက်ကာ ရင်းနှီးမှုယူခဲ့သည်ဟု ဆိုသည်။

ယင်းနောက် အဆိုပါလူငယ်အား အပိုဝင်ငွေရအောင်ဟုဆိုကာ "Ebay" အမည်ရှိ အွန်လိုင်းကုန်တိုက်တွင် လုပ်ငန်းအတွေ့အကြုံရရှိရန်အတွက် အွန်လိုင်းမှ အော်ဒါ ဝင်ကူပြီး တင်ပေးရန် ထိုအမျိုးသမီးက စတင်အယုံသွင်းခဲ့သည်ဟု ထိုလူငယ်က နိရဥ္စရာကို ပြောသည်။

"သူ့ကိုကူပြီး အော်ဒါတင်ပေးဖို့ပြောတယ်။ လုပ်ငန်းအတွေ့အကြုံရအောင်ဆိုပြီးပြောလို့ ကျွန်တော်လည်း နှစ်ရက် ကူပေးလိုက်တယ်။ သူ့မှာ သိန်း ၁၀၀ ဖိုးလောက်ရင်းလိုက်တာ ဒေါ်လာ ၅၀၀ လောက် အ
မြတ်ရတယ်။ အဲဒါကိုလည်း ကျွန်တော့်ကို ငွေထုတ်တတ်အောင်ဆိုပြီး ထုတ်ခိုင်းတယ်။ အဲလိုဝင်ကူပေးလို့ အဲဒီထဲက ကျွန်တော့်ကို ပိုက်ဆံ တစ်သိန်းကျော်လောက် မုန့်ဖိုးပေးတယ်"ဟု ပြောသည်။

blob
ဓာတ်ပုံ - ရခိုင်လူငယ် ငွေလိမ်ခံလိုက်ရသည့် မှတ်တမ်းအချို့အား တွေ့ရစဥ်။ (ဓာတ်ပုံ - ပေးပို့)

ထိုအမျိုးသမီးက အွန်လိုင်းမှငွေလိမ်ခဲ့စဥ် "Ebay"ဆိုသည့် ကုန်တိုက် page တစ်ခု၏လင့်တစ်ခုကိုချပေးပြီး "Ebay" အကောင့်ဖွင့်ခိုင်းရာ အကောင့်နံပါတ်နှင့် လျှို့ဝှက်နံပါတ် ၆ လုံးထည့်ခိုင်းသည်ဟု ဆိုသည်။

ပြီးနောက် မှတ်ပုံတင်ရန်အတွက် နေရာကွက်လပ် ၆ ခုကျလာပြီး အကောင့်ဖွင့်သူ၏ ဖုန်းနံပါတ်၊ လျှို့ဝှက်နံပါတ်၊ လျှောက်ထားသူအမည်၊ အပေါ်ကထည့်ခဲ့သည့် လျှို့ဝှက်နံပါတ်နှင့် ဖိတ်ကြားချက်ကုဒ်ဆိုသည့် အချက် ၅ ချက်ဖြည့်ခိုင်းပြီး "Ebay" ကုန်တိုက်သို့ဝင်ရန် အကောင့်ဖွင့်ခဲ့ရကြောင်း ပြောသည်။

အကောင့်ဖွင့်ပြီးနောက် ပစ္စည်းအော်ဒါတင်ရာတွင်လည်း ဒေါ်လာဖြင့်သာ တင်ရပြီး "Ebay" မတ်ဆင်ဂျာချက်ဘောက်ဂရုတွင် အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၆၈၀၀ ကျပ်ဖြင့် လှဲယူရကြောင်း ပြောသည်။

ထို့နောက် အော်ဒါတင်ရာတွင်လည်း အော်ဒါအကြိမ်အရေအတွက် ၄၀ ပြည့်မှသာ သွင်းထားသည့်ငွေများအား ထုတ်ယူ၍ရနိုင်ကြောင်းလည်း သိရသည်။

ပထမဆုံးအနေဖြင့် ငွေအနည်းငယ်ဖြင့် စတင်ကာ အမေရိကန်ဒေါ်လာ ၃၀ ရရှိရန် မြန်မာငွေ ကျပ် ၂၀၄၀၀၀ ဖြင့်လှဲယူ၍ စတင်လုပ်ဆောင်ခဲ့ရသည်ဟု ပြောသည်။

ယင်းအချိန်က အော်ဒါအကြိမ်ရေ ၄၀ ပြည့်အောင်တင်နိုင်ခဲ့သည့်အတွက် ပစ္စည်းရာခိုင်းနှုန်းအလိုက် မြန်မာငွေ ၂၉၀၀၀ ကျပ် အမြတ်ငွေရခဲ့ကြောင်း ပြောသည်။

သို့သော်လည်း နောက်ထပ်အကြိမ်များတွင် အော်ဒါအကြိမ်အရေအတွက်မပြည့်မီတော့သည့်အပြင် ငွေကြေးတန်ဖိုးမြှင့်သည့် ပစ္စည်းများသာကျလာ၍ သူ့အနေဖြင့် ငွေထပ်မထည့်နိုင်ဘဲ ကျပ်ငွေသိန်း ၆၀ ကျော်ခန့်ဆုံးရှုံးသွားခဲ့ရကြောင်း သူက ဆက်ပြောသည်။

"အကြိမ် ၄၀ မပြည့်ခင် ပိုက်ဆံတွေထပ်ထပ်ပြီးထည့်ခိုင်းတယ်။ ကိုယ့်ပိုက်ဆံကိုပြန်ရပါစေကြောင်းပေါ့။ ဆုံးရှုံးရမှာကြောက်လို့ ထပ်ထည့်တာ သိန်း ၆၀ ကျော်ဝင်ပါနေပြီလေ။ ထပ်ပြီး သိန်း ၈၀ ကျော်ဖိုး ပစ္စည်းတစ်ခုကျလာတယ်။ အဲဒီတော့ ဒါလိမ်နေတာပဲလို့ သိလိုက်တယ်။ သူတို့ကိုပြောလည်း လပ်ကီးအော်ဒါလို့ပဲပြောတယ်။ ဆက်လုပ်ပါပေါ့။ အစကလည်း အလိမ်ခံနေရပြီလို့ နည်းနည်းတော့ ရိပ်မိတယ်"ဟုပြောသည်။

blob

ဓာတ်ပုံ - ရခိုင်လူငယ် ငွေလိမ်ခံလိုက်ရသည့် မှတ်တမ်းအချို့အား တွေ့ရစဥ်။ (ဓာတ်ပုံ - ပေးပို့)

သူ့အနေဖြင့် စုစုပေါင်းမြန်မာငွေ ၆၂၅၁၈၀၀ ကျပ် ငွေအလိမ်ခံလိုက်ရခြင်းဖြစ်သည်။

"သူတို့ကို မင်းတို့လိမ်တယ်လို့ သွားပြောတော့လည်း မတ်ဆင်ဂျာဂရုထဲကနေ ကျနော့်ကို ထုတ်ပစ်လိုက်ကြတယ်"ဟုပြောသည်။

သူ့လို အခြားလူအများလည်း နောက်ထပ်အလိမ်မခံရနိုင်အောင် နိရဥ္စရာသတင်းဌာနမှတဆင့် အသိပေးလိုသည်ဟုလည်း သူက ပြောသည်။

"ကျွန်တော်လည်း အပိုဝင်ငွေတစ်ခုလုပ်ချင်တာနဲ့ အိမ်ကိုလွှဲပေးဖို့လုပ်ထားတဲ့ ပိုက်ဆံလည်း ပါသွားတယ်။ ချေးငှားပြီးလည်း ရင်းလိုက်ရတယ်။ ကျန်တဲ့သူတွေကိုလည်း ကျွန်တော့်လို မဖြစ်စေချင်ပါဘူး" ဟု ပြောသည်။

အဆိုပါ "Ebay" ကုန်တိုက်တွင် လူသုံးကုန်အမျိုးမျိုးဖြစ်သည့် အိမ်သုံးစ္စည်း၊ လက်ကိုင်ဖုန်း၊ ဖိနပ်၊ အဝတ်အထည်၊ စက်ပစ္စည်းအမျိုးမျိုးကို အော်ဒါတင်ရကြောင်းလည်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကြီးစိုးလျက်ရှိပြီး မြန်မာ၊ ထိုင်းနှင့် တရုတ်နိုင်ငံအစိုးရတို့က ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်ဟု သိရသည်။

အဆိုပါအွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်သူ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင်စောချစ်သူ၊ ဗိုလ်မုတ်သုန်နှင့် ဗိုလ်တင်ဝင်းတို့ကို ဖမ်း၀ရမ်းထုတ်ရန် ထိုင်းအာဏာပိုင်များက စီစဉ်နေပြီဟုလည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထိုင်းအခြေစိုက် သတင်းဌာနများတွင်ဖော်ပြထားကြသည်

ဓာတ်ပုံ - ရခိုင်လူငယ် ငွေလိမ်ခံလိုက်ရသည့် မှတ်တမ်းအချို့အား တွေ့ရစဥ်။ (ဓာတ်ပုံ - ပေးပို့)

#သတင်း#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.