နိရဉ္စရာ၊ မေ ၂၆/ ၂၀၂၅
စစ်ကောင်စီသည် ရန်ကုန်ရှိ ရခိုင်အသင်းအဖွဲ့များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုပြုလုပ်ပြီး ရခိုင်လူမျိုးများကို စတင်စည်းရုံးမှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ယခုတွေ့ဆုံမှုသည် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတို့ တကျော့ပြန် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ကြောင်း သိရသည်။
၎င်းတွေ့ဆုံမှုကို ယခုလ ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး မင်္ဂလာခန်းမမှာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
၎င်းအခမ်းအနားကို ယခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လက်ရှိ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သည့် ဦးမောင်မောင်အုန်းက ကမကထလုပ်ကာ ပြုလုပ်ကာ ရခိုင်အသင်းအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ “ရိုးမရံစီ” သီချင်း၊ ထူးခြားထင်ရှား၊ ရခိုင်ပြည်နယ်မှအလှတရားများမှတ်တမ်းနှင့် “မြေငလျင်ဘေးဒဏ်ပြန်လည်ထူထောင်ရေးနှင့် မြန်မာနိုင်ငံသားတို့၏စွမ်းရည် မွန်မြတ်သည့်ဂုဏ်ဒြပ်” စသည့် Video Clip တို့ကိုပြသခဲ့သည်ဟု စစ်ကောင်စီပိုင် မီဒီယာများတွင် ဖော်ပြသည်။
၎င်းနောက် ဦးမောင်မောင်အုန်းက စည်းရုံးရေးတရားများကို ဟောပြောခဲ့သည်ဟု တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ မြို့နယ်ကိုယ်စားပြုသူ တစ်ဦးက ပြောသည်။
“ ဦးမောင်မောင်အုန်း အဓိကပြောတာကတော့ ပြည်ထောင်စုကို ကာကွယ်ရမယ့် အကြောင်း၊ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းလက်တွဲလုပ်ဆောင်ပြီး တိုင်းပြည်ချစ်စိတ်ကိုပြသရမယ်လို့ပြောပါတယ်။ တိုင်းရင်းသားတွေ အပေါ်စေတနာထားတဲ့ အကြောင်း၊ ပီးရင် နိုင်ငံတော် ဝန်ကြီးချုပ်က တိုင်းရင်းသားတွေအပေါ် စေတနာထားတဲ့ အကြောင်းတွေကိုလည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မိုခါမုန်တိုင်းဖြစ်တုန်းကလည်းနိုင်ငံတော်အစိုးရက ကူညီခဲ့တယ်။ အခုလည်း ရန်ကုန်ရောက် စစ်ဘေးရှောင်တွေကို ၂ လစာ ထောက်ပံ့ကူညီမယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်” ဟု ပြောဆိုသည်။
အဆိုပါ အခမ်းအနားကို ဦးမောင်မောင်အုန်းနှင့် အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရန်ကုန်ရှိ ရခိုင်အသင်းအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။