တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဖားဆောင်းတိုက်ပွဲတွင် စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီးကို KNDF တပ်ပေါင်းစုများ ပစ်ချနိုင်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ ၊မေ ၆ /၂၀၂၄

ကရင်နီ(ကယား)ပြည်နယ် ဖား‌ဆောင်းနှင့် ဘော်လခဲကြားတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စင်း ကို ကရင်နီပူးပေါင်းဖွဲ့များမှ မေ ၆ ရက်တွင်ပစ်ချ ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ၏ တာဝန်ရှိသူစစ်မြေပြင်အရာရှိတစ်ဦးမှ နိရဉ္စရာ ကိုအတည်ပြုသည်။

 “ဟုတ်ပါတယ်၊နေ့လည် ၁၁ နာရီလောက်မှာ ဖားဆောင်းကိုလာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ် တစ်စင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်နိုင်ခဲ့ပါတယ်၊နောက်ဆက်တွဲအခြေအနေကို စောင့်ကြည့်နေပါတယ်”ဟု အဆိုပါ စစ်မြေပြင်အရာရှိတစ်ဦးမှပြောသည်။

မေလ ၆ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် ဖားဆောင်းမြို့နယ်ကို လာရောက်သည့်  စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဘောလခဲမြို့နယ်အနီးတွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ချခံရသည့် ရဟတ်ယာဉ်သည် Mi - 35 အမျိုးအစား ရဟတ်ယာဉ်ဖြစ်နိုင်ကြောင်း ယူဆမှုများရှိသော်လည်း KNDF အနေဖြင့် အတည်မပြုနိုင်သေးကြောင်း စစ်မြေပြင်အရာရှိ တစ်ဦးမှပြောသည်။

အဆိုပါ လေယာဉ်အား သမားရိုးကျ လက်နက်ဖြင့်သာ ပစ်ချခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေများအား  စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့ကလည်း စစ်ကောင်စီ၏  K8 အမျိုးအစား တိုက်လေယာဉ် တစ်စီးကို ပစ်ချခဲ့ဖူး ကြောင်းသိရသည်။

စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် နှစ်ဖက်တပ်များမရှိသည့် မြေပြင်တစ်နေရာတွင် ပျက်ကျသွားခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျသွားသော နေရာအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း ကရင်နီပူးပေါင်းဖွဲ့များထံမှ သိရသည်။

ပျက်ကျသွားသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်အမျိုးအစားကို လတ်တလောမသိရှိသေးပေ။  ဖားဆောင်မြို့၌မူ စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်ကြောင်း KA ထံမှသိရသည်။

ဓာတ်ပုံ - ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ပျက်ကျခဲ့သည့် တိုက်လေယာဉ်အပျက်အစီး များအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ