Preview

စစ်တွေရှိ အိန္ဒိယ ကောင်စစ်၀န်ရုံးမှ ဝန်ထမ်းများကို ရန်ကုန်သို့ ရွှေ့ပြောင်း (AA က အမ်းရှိ နပခကိုသိမ်းယူလိုက်ပြီးနောက် အိန္ဒိယ၏ စိုးရိမ်ပူပန်မှုများမြင့်တက်လာ)

ဂျွန်နသန် | ဒီဇင်ဘာ ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :2078
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၂၁/၂၀၂၄

အာရက္ခတပ်တော်(AA) ကနပခ ကိုသိမ်းယူလိုက်ပြီးနောက်စစ်တွေရှိ အိန္ဒိယ ကောင်စစ်၀န်ရုံးမှ ဝန်ထမ်းများကို ရန်ကုန်သို့ ရွှေ့ပြောင်းလိုက်ပြီးမြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြင်းထန်လာနေမှုအပေါ် အိန္ဒိယကအနီးကပ် စောင့်ကြည့်နေကြောင်းအိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန မှပြောရေးဆိုခွင့်ရှိသူ ကထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံနဲ့နယ်နိမိတ် ချင်းထိစပ်နေသည့် အိမ်နီးချင်းအိန္ဒိယ နိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေရ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပိုမို ပြင်းထန်လာနေသည့် ပဋိပက္ခများအပေါ် အိန္ဒိယက အနီးကပ် စောင့်ကြည့်နေကြောင်း ၊အိန္ဒိယနိုင်ငံသည် စစ်တွေရှိ ကောင်စစ်ဝန်ရုံးမှ၀န်ထမ်းများကို ရန်ကုန်မြို့သို့ နေရာရွှေ့ပြောင်းလိုက်ပြီး ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းအိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန မှပြောရေးဆိုခွင့်ရှိသူRandhir Jaiswal က ပြောဆိုခဲ့ကြောင်း Devdiscourse က သတင်းဖော်ပြသည်။

၂၀၂၁ ခုနှစ် တွင်မြန်မာစစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်းအိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ၏ ဒေသများတွင်မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လာနေပြီးအကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည်။

မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြားရက်သတ္တပတ်များစွာကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA  က သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်း ဖော်ပြသည်။

“ ကျွန်တော်တို့ (အိန္ဒိယ) အနေနဲ့အဲဒီ အခြေအနေ တွေကို အနီးကပ် စောင့်ကြည့်နေပါတယ်' ဟု အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီးဌာန မှပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ဒီဇင်ဘာ(၂၀)ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အိန္ဒိယ၏ ဗျူဟာမြောက် ရပ်တည်ချက်တွင် စစ်တွေရှိ ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းများကို ရန်ကုန်သို့ နေရာပြောင်းရွှေ့ခြင်း လည်းတစ်ခုအပါအဝင်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောဆိုခဲ့သည်။

MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သြဂုတ်လအတွင်းက သိမ်းယူခဲ့ပြီးနောက် ယခုအခါ AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသိမ်းယူခဲ့သည့်အတွက် စစ်ကောင်စီလက်ထက်တွင် ဒုတိယမြောက်စစ်တိုင်းဒေသကြီး တစ်ခု ထပ်မံကျဆုံးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း တွင်နယ်စပ် မတည်မငြိမ်ဖြစ်မှုများကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ပြီး နယ်စပ်လုံခြုံရေး တိုးမြှင့်ရေး အစီအစဉ်များကို လည်း ပြည်ထဲရေးဝန်ကြီး Amit Shah က ထုတ်ပြန်ကြေညာခဲ့သည်ဟုဆိုသည်။

သို့ရာတွင်နယ်စပ်လုံခြုံရေး တိုးမြှင့်ရေး အစီအစဉ် ထုတ်ပြန်ခဲ့သည့်နေ့ရက်နှင့်အသေးစိတ်ကိုမူ၄င်းကထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းမရှိပေ။

“မြန်မာနိုင်ငံအပေါ် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က တသမတ်တည်း ပါ။စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ ပြဿနာရပ်တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ အိန္ဒိယက တောင်းဆိုပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဖော်ဆောင်ရာမှာ သက်ဆိုင်သူအားလုံးရဲ့ အမြင်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။မြန်မာနိုင်ငံနဲ့နယ်နိမိတ် ချင်းထိစပ်နေတဲ့ (အိန္ဒိယအပါအ၀င် )နိုင်ငံတွေမှာလည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်နေရပါတယ်” ဟု Randhir Jaiswal က ဆက်လက်ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်နှင့် တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲများပြင်းထန်နေသည့်အချိန်အတွင်းမှာပင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vikram Misri သည် ထိုင်းနိုင်ငံ ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အရေနှင့် ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် အလွတ်သဘော ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်ဟု The Indian Express ကသတင်းဖော်ပြသည်။ Source/Devdiscourse/The Indian Express

ဓာတ်ပုံ- အိန္ဒိယအစိုးရက တည်ဆောက်ထားသည့် စစ်တွေဆိပ်ကမ်း။

 

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.