ဂျွန်နသန်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၉/ ၂၀၂၅
ထိုင်းနိုင်ငံအတွင်းတရားမ၀င် ၀င် ရောက်လာသည့်မြန်မာရွှေ့ပြောင်း (၃၀)ဦးလိုက်ပါလာသည့်ပစ်ကပ်စ်ကား နှစ်စီးသည်ဆန်ခလာဘူရီ ခရိုင်တွင် ယဥ်တိုက်မှုဖြစ်ပွားခဲ့ရာ (၁)ဦး သေဆုံးခဲ့ပြီး၊ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း Bangkok Post သတင်းကဖော်ပြသည်။
တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် ပစ်ကပ်စ်ကား နှစ်စီးသည်ဇန်နဝါရီ(၈)ရက်၊နံနက်အစောပိုင်းက ဆန်ခလာဘူရီ-ဘုရားသုံးဆူလမ်းပိုင်း၊ အမှတ်(၃၂၃) လမ်း၊ ဆန်ခလာဘူရီ ခရိုင်၊နောင်လုမြို့နယ် တွင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် မောင်းသူမဲ့နေသည့် ပစ်ကပ်စ် ကားတစ်စီးသည် လမ်း၏ညာဘက်ခြမ်းတွင် ရပ်ထားသည် ကို တွေ့ရှိခဲ့ရကြောင်း ၊Nakhon Pathom နံပါတ်ပြားတပ်ဆင်ထားပြီး၊ဆိုးရွားစွာ ထိခိုက်ပျက်စီးနေသည့် အခြားပစ်ကပ်ကားတစ်စီးသည်လမ်းဘေးမြောင်းထဲသို့ထိုးကျနေသည်ကိုတွေ့ရသည်ဟုဆန်ခလာဘူရီမှ စုံစမ်းစစ်ဆေးရေး အကြီးအကဲဖြစ်သူရဲမှူး Chantphong Thammasorn ကပြောကြားခဲ့သည်။
အဆိုပါယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက်တွင်မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦးသည် လမ်းမပေါ်တွင် သေဆုံးနေပြီဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိ ခဲ့သည့် အမျိုးသား (၂) ဦးမှတစ်ဦးကို ဆန်ခလဘူရီဆေးရုံသို့ ပို့ပေး ဆောင်ခဲ့ကြောင်း၊အခြား တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် Phaholpolpayuhasena ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ပစ်ကပ်ကားနှစ်စီးတွင် မြန်မာရွှေ့ပြောင်းလုပ်သား(၃၀)ဦးလိုက်ပါလာခဲ့ကြောင်းဒဏ်ရာရရှိ ခဲ့သည့် အမျိုးသား (၂) ဦး၏ ပြောဆိုချက်အရသိရသည်ဟု ရဲတပ်ဖွဲ့ကပြောဆိုသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းနှစ်ဦးစလုံးသည် အခြားတရားမဝင် ရွှေ့ပြောင်းလုပ်သားများနှင့်အတူ ထွက်ပြေးသွားခဲ့ကြောင်း ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကိုမူ လတ်တလောမသိရ သေးကြောင်း ယာဉ်တိုက်မှုဖြစ်ဥ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကိုဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။ Source/Bangkok Post