(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၂၅ ဆနီးပါးတိုးမြင့်လာပြီး တစ်ရက်လျှင် ပျမ်းမျှ ၃ ကြိမ်ရှိ)
လူထက်နိုင်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၅
မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို ဥရောပသမဂ္ဂ (EU)အပါအဝင် နိုင်ငံ ကိုးနိုင်ငံက အပြင်းထန်ဆုံးပြစ်တင်ရှုတ်ချကြောင်း ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်သည့်အထိမ်းအမှတ်အဖြစ်ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့၏ပူးတွဲကြေညာချက်ကို ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲခြားဆက်ဆံမှုများအပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချသည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းလိုက်သည့်အချိန်မှစ၍မြန်မာပြည်သူပြည်သားများသည် ၎င်းတို့၏ အခွင့်အရေးများ၊ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီးထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရသည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုသည်စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ဝ၂၁ ခုနှစ်ထက် ၂၅ ဆနီးပါးအထိ တိုးမြင့်လာပြီးတစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ သုံးကြိမ်ရှိကြောင်းလည်းကြေညာချက်တွင် ဖော်ပြထားသည်။
“စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီးကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနှင့် ဆေးရုံ၊ ဆေးခန်းများကိုပျက်စီးစေခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကထက် ၂၅ဆနီးပါးတိုးမြင့်လာရာ တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ ၃ကြိမ်ရှိကြောင်း ဖော်ညွှန်းနေပါသည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီးကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနှင့် ဆေးရုံ၊ ဆေးခန်းများကိုပျက်စီးစေခဲ့သည်ဟု ဖော်ပြထားသည်။
ပဋိပက္ခဖြစ်ပွားခြင်းမရှိသည့်ဒေသများတွင် အဆိုပါလေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် စစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေသည်ဟု ဆိုသည်။
မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်းသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရန်လည်း ကြေညာချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။
ထို့အပြင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ရန်၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့ကို အပြည့်အဝ လိုက်နာကျင့်သုံးရန် ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းသည်ဟုလည်း ဆိုထားသည်။
၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်များသည်အာဏာသိမ်းပြီးသည့်အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့သလိုနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ သို့မဟုတ် ၁၉.၉ သန်းကျော်သည်လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိကြသည်ဟုထည့်သွင်းဖော်ပြထားသည်။
ခန့်မှန်းခြေ ၁၅.၂ သန်းမျှသော ပြည်သူများမှာစားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်လျက်ရှိကာ တားဆီးနိုင်သောရောဂါများဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ကြောင်း ထုတ်ပြန်ထားသည်။
ပိုမိုများပြားလာသောလိုအပ်ချက်များနှင့် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာခဲ့ရသော ပြည်သူအရေအတွက်မှာ ယမန်နှစ်ကထက် ၁သန်းနီးပါးတိုးမြင့်လာရာ စုစုပေါင်း ၃.၅ သန်းကျော်ရှိနေပြီဟု ကြေညာချက်တွင်ဖော်ပြထားသည်။
“ထို့ပြင် မြန်မာနိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်တိမ်းရှောင်ထွက်ပြေးခဲ့ရသည့် ပြည်သူအမြောက်အမြားလည်း ရှိပါသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း၊ ငွေကြေးလိမ်လည်သည့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများအပါအဝင် တိုးမြင့်လာသော နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်နစ်နာနေရပြီး အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုရှိစေကာ ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်”ဟု ဖော်ပြထားသည်။
ယခုအချိန်သည် မြန်မာစစ်အာဏာရှင်အနေနှင့် ၎င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ပြီး ပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပျက်စီးစေခြင်းအပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာစစ်အာဏာရှင်အား အလေးအနက် တိုက်တွန်းသည်ဟုလည်း ဆိုထားသည်။
မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးအတွက်တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ လူ့အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပန်းမှုများကိုတားဆီးကာကွယ်ရေးတို့ကို အလေးပေးပြောကြားလိုသည်ဟုလည်း ကြေညာချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ - ရခိုင်ပြည်၊ ကျောက်တော်မြို့အား ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲအပြီးတွေ့ရစဉ်။