နိရဉ္စရာ၊ မေ ၂၄/ ၂၀၂၅
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ တိုးမြင့်လာနေချိန်တွင်လေယာဉ်ဆီနှင့် လက်နက်တင်သွင်းမှုများကို ဒေသတွင်း ပိတ်ဆို့ခြင်းနှင့်စစ်ကောင်စီကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးများမှဆက်လက်တားမြစ်ခြင်းတို့ ကို ပြုလုပ်ရန် Fortify Rights ကတောင်းဆိုလိုက်သည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် အာဆီယံထရိုင်ကာ အစည်းအဝေးများကိုမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ မေလ(၂၆)နှင့်(၂၇)ရက်တို့တွင်ကျင်းပမည်ဖြစ်ရာရက်စက်ကြမ်းကြုတ်မှုများတိုးမြှင့်လုပ်ဆောင်နေလျက်ရှိသည့်မြန်မာစစ်တပ်ကိုပြင်းထန်သည့်ဖိအားပေးမှုများလုပ်ဆောင်သွားရန်Fortify Rights ကအာဆီယံကို တောင်းဆိုလိုက်သည်။
အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီတွင် အာဆီယံသည် မြန်မာနိုင်ငံအတွက်သီးသန့်အစည်းအဝေး နှစ်ကြိမ်ကျင်းပမည်ဖြစ်ပြီးလာအို၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ဆွေးနွေးမည့် Troika အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသီးခြားအစည်းအဝေးတစ်ခု ပြုလုပ်မည်ဖြစ်သည်။
ထရိုင်ကာယန္တရားသည် အာဆီယံ၏ယခင်ဥက္ကဋ္ဌ၊ လက်ရှိဥက္ကဋ္ဌနှင့် လာမည့်ဥက္ကဋ္ဌနိုင်ငံများကို စုစည်းကာမြန်မာ့ပြဿနာကိုကိုင်တွယ်ရန် မူဝါဒများ ညှိနှိုင်း၊ဆွေးနွေကြမည်ဖြစ်သည်ဟုမေလ(၂၂)ကထုတ်ပြန်ခဲ့သည့် Fortify Rights ၏ကြေညာချက်တွင် ဖော်ပြထားသည်။
“မြန်မာစစ်အစိုးရက အရပ်သားတွေကို သတ်ဖြတ်တာ အကြမ်းဖက်တာတွေ အဆက်မပြတ်လုပ်နေတုန်းမှာ အာဆီယံက နှစ်ပေါင်းများစွာ မထိရောက်တဲ့ ကြေညာချက်တွေ ဘဲထုတ်နေ ခဲ့တယ်၊အာဆီယံ ရဲ့ ဥက္ကဋ္ဌအနေနဲ့ မလေးရှားဟာ မအောင်မြင်တဲ့အာဆီယံရဲ့ဘုံငါးချက်ကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံအပေါ်သံတမန်ရေးတုံ့ပြန်မှုအသစ်ပြန်လည်ပုံဖော်ရန်ရှားရှားပါးပါးအခွင့်အရေးရှိပါတယ် ”ဟု Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ Yap Lay Sheng က ပြောသည်။
မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် စစ်အစိုးရက အပစ်အခတ်ရပ်စဲကြောင်းကြေညာခဲ့သော်လည်း ငလျင်ဒဏ်သင့်အရပ်သားများ ခိုလှုံရာနေရာများအပါအဝင်အရပ်သားများကို မြန်မာစစ်တပ်ကဂျက်လေယာဉ်များဖြင့် ထပ်ခါတလဲလဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ၊မေလ ၁၂ ရက်က ငလျင်ဗဟိုချက်ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီးရှိစာသင်ကျောင်းတစ်ကျောင်းကို စစ်အစိုးရက လေကြောင်းမှ ပစ်ခတ်မှုကြောင့်အနည်းဆုံး ကလေး ၂၂ ဦးနှင့် ဆရာနှစ်ဦး သေဆုံးပြီး အခြား အရပ်သား ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
ယင်းတိုက်ခိုက်မှုများသည် အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကိုတိုက်ရိုက်တိုက်ခိုက်ခြင်းကို တားမြစ်ထားသော နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် စစ်အစိုးရကိုယ်တိုင်ကြေညာထားသော “အပစ်အခတ်ရပ်စဲရေး” ကိုစစ်တပ်က ချိုးဖောက်ခြင်းဖြစ်ပါသည်။
အမေရိကန်အပါအဝင် နိုင်ငံတကာမှ အစိုးရများ၏ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာစစ်အစိုးရ၏ လေကြောင်းလောင်စာဆီ၊လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ဝင်ရောက်ခွင့်ကို ပိတ်ဆို့ရန်ရည်ရွယ်ထားသော်လည်း စစ်အစိုးရသည် နိုင်ငံတကာဈေးကွက်တွင်ထောက်ပံ့ရေးပစ္စည်းများကို ဆက်လက်ရယူနေပြီး အရပ်သားများကို သေစေလောက်သောတိုက်ခိုက်မှုများတွင် ကာလရှည်ကြာ အသုံးပြုခဲ့သည်။
၂၀၂၁ ခုနှစ် တွင် ဘုံငါးချက် သဘောတူညီမှုကို လက်ခံကျင့်သုံးပြီးကတည်းကစစ်အစိုးရသည် သဘောတူညီမှုပါ အချက်တိုင်းကို လှည့်စားခဲ့ကြောင်းမြန်မာစစ်တပ်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ဖီဆန်ပြီးအရပ်သားများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာနိုင်ငံတစ်ဝှမ်းတွင်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် အာဆီယံသည် မြန်မာစစ်တပ်အားလေယာဉ်ဆီနှင့် လက်နက်တင်သွင်းမှုများကို ဒေသတွင်း ပိတ်ဆို့ခြင်းနှင့်စစ်ကောင်စီကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးများမှဆက်လက်တားမြစ်ခြင်းတို့ ကို ပြုလုပ်ရန် Fortify Rights ကတောင်းဆိုခဲ့သည်။ Source/Fortify Rights