ဂျွန်နသန်၊ ဇန်နဝါရီ ၁၈/ ၂၀၂၄
မြန်မာနိုင်ငံ၏ အကြပ်အတည်း၊ ပြဿနာကို အမြန်ဆုံးဖြေရှင်းသင့်ပြီဖြစ်ကြောင်း မလေးရှား၊ ထိုင်းနှင့် ဘရူနိုင်းတို့က ထုတ်ဖော်ပြောဆိုလိုက်ကြောင်းNew Straits Times ကသတင်းဖော်ပြသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan သည် ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးMaris Sangiampongsa နှင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး II Datuk Seri Erywan Mohd Yusof တို့ နှင့် သီးခြားစီ တွေ့ဆုံခဲ့ မှုများအတွင်းမြန်မာနိုင်ငံ၏အကြပ်အတည်းကို အမြန်ဆုံးဖြေရှင်းရန် သဘောတူညီခဲ့ကြသည်။
မလေးရှားနိုင်ငံ၊ လန်ကာ၀ီရှိ Langkawi International Convention Centre ၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ် အစည်းအဝေးအဖြစ်ဇန်နဝါရီ(၁၈)ရက်တွင်မလေးရှား၊ ထိုင်းနှင့် ဘရူနိုင်းတို့က သီးခြားစီကျင်းပခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ပြဿနာကို အမြန်ဆုံးဖြေရှင်းသင့်ပြီး အာဆီယံ၏စည်းလုံးညီညွတ်မှုနှင့်ဗဟိုချုပ်ကိုင်မှု၏ အရေးပါမှုကို အလေးပေးဆောင်ရွက်သင့်ကြောင်း ဝန်ကြီးများက သဘောတူညီခဲ့ကြသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုမလေးရှားနိုင်ငံ၊ လန်ကာ၀ီရှိ Langkawi International Convention Centre ၌ ဇန်နဝါရီ(၁၉)ရက်တွင်စတင်ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင်လည်းမြန်မာ့အရေးကိုထည့်သွင်းဆွေးနွေးသွားမည်ဟုလည်းသိရသည်။
နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုမလေးရှားနိုင်ငံကဇန်နဝါရီ (၁) ရက်တွင် စတင်ပြီးအာဆီယံ၏ဥက္ကဋ္ဌတာဝန်ကိုရယူပြီးနောက် ပထမဆုံးစတင်ကျင်းပသည့်ဝန်ကြီးများအဆင့် အစည်းအဝေးဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး နောက် နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မတည်ငြိမ်မှုများ တွေ့ ကြုံနေရပြီး ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများကျယ်ပြန့်လာပြီးနောက်တွင် လက်နက်ကိုင်ပုန်ကန်မှုအဖြစ် ကြီးထွားလာစေခဲ့သည်။
ယခုအခါ မြန်မာ စစ်တပ်သည် ပြိုပျက်နေသော စီးပွားရေးကို စီမံအုပ်ချုပ်ရန် ရုန်းကန်နေချိန်တွင် ဘက်ပေါင်းစုံမှလည်းခုခံတော်လှန် မှုများနှင့် ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီး နှစ်လအကြာ၂၀၂၁ ခုနှစ်ဧပြီလတွင် အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းရန် အတွက် အာဆီယံဘုံငါးချက် (5PCs) ကို သဘောတူချမှတ်ခဲ့ကြသည်။
အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံကတာဝန်ယူမှုသည် မြန်မာနိုင်ငံအကြပ်အတည်းကို ဖြေရှင်းခြင်းများအပါအဝင် အဓိကစိန်ခေါ်မှုများကို အဖြေရှာရန် ဦးစားပေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim က ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောကြားခဲ့သည်။ Source/New Straits Times